သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ

ရှမ်းပြည်တောင်ပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေကြား နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သလို၊ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ ရှမ်းပြည်တောင်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်ဖြူထွေး ပြောပြပေးမှာ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ဒီကနေ့ နောက်ဆုံး အခြေအနေကို မသိရသေးပေမဲ့ မနေ့ကတော့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ မနေ့ကလည်း ဖြစ်တယ်ပေါ့လေ။ အဲ့ဒီဆီဆိုင်မြို့နဲ့အစပ်မှာလည်း ဆီဆိုင်မြို့ရဲ့ မြောက်ဖက်မှာပေါ့နော် တနေ့ကုန်လုံးဖြစ်ပါတယ်။ ဟိုပုံးဖက်မှာလည်း မနေ့ကတော့ အပြန်အလှန်ပစ်ခတ်မှုတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတော့ ရှိပါတယ်။ အချက် ၄၀ ကျော် ၅၀ လောက်တော့ ရှိတာပေါ့နော်။”

စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း သူက ပြောပါတယ်။

“စစ်ကောင်စီကတော့ သာလွန်အင်အားတွေ သုံးပြီးတော့ မြို့ထဲကို ပြန်ဝင်ဖို့ ကြိုးစားနေတာပေါ့နော်။ ပြီးတော့ တင့်ကားတွေ သံချပ်ကာကားတွေလည်း သုံးနေတာပေါ့လေ၊ အဲ့ဒီလက်နက်ကြီးတွေလည်း ပစ်နေတော့ မြို့ထဲမှာတော့ ပျက်စီးမှု တော်တော်များများ များပြားနေပါတယ်။ ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရှိရပါဘူး။”

ဆီဆိုင်မြို့ခံ တဦးကလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာကို ဘေးလွတ်ရာမှာ တိမ်းရှောင်နေရင်း တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

“မြို့ကလည်း မနေ့အထိပေါ့နော် တိုက်ပွဲပြင်းထန်နေဆိုတော့ မြို့ကလည်း ပြာကျကုန်သလောက်တော့ ဖြစ်နေပြီပေါ့နော်။ မြို့ကတော့ တနေ့ကုန်ပဲ မနေ့ ၆နာရီကျော်ကတည်းကပေါ့နော် ည ၇နာရီကျော်အထိပေါ့နော်၊ လက်နက်ကြီးကျတော့ ကြားနေရတုန်းပဲလို့ ပြောတယ်။ မြို့လည်း မီးခိုးတွေ အရမ်းထနေတယ်ပေါ့နော်။”

ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှာတော့ ဇန်နဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဆီဆိုင်မြို့မှာ စစ်ကောင်စီ၊ PNA ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA တပ်အကြား တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်က ဒေသခံ တစ်သောင်းလောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံ အကူအညီပေးသူတွေက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဒေသက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသမှာ အိမ်ခြေတစ်ရာရှိတဲ့ နမ့်ဟူးကျေးရွာမှာလည်း မီးလောင်ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာက မီးလောင်မှုဟာ စစ်ကောင်စီတပ်ဖွဲ့တွေ လက်ချက်လို့လည်း PNLA အဖွဲ့က စွပ်စွဲထားပါတယ်။

ပင်လောင်းမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်နေတာ သီတင်းတပတ်ကျော် ရှိလာပြီလို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ ဒါ ရက်သတ္တပတ်တခုတော့ ကျော်လာပြီးပေါ့နော်။ အဓိကတော့ ဒီဖယ်ခုံရယ် ပင်လောင်းကြားမှာရှိတဲ့ ဒီနောက် နောင်ဝိုးတောင်ဆိုတာရှိတယ်ပေါ့နော်။ ဒီနောင်ဝိုးတောင်နားလေးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပေါ့နော်၊ ဆိုတော့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကို ဒီဆောင်းပြောင်းကျေးရွာအနားလောက်ထိကို တွန်းထုတ်ပြီး တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးဖြစ်သွားပြီးပေါ့နော်ဟုတ်။”

ရှမ်းပြည်တောင်ပိုင်းက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ စရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့လည်း မရခဲ့ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၂.၇ သန်းကျော် ရှိနေပြီး စာနာမှုအကူအညီ ၁၈ သန်းခွဲကျော် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီလဆန်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG