ရှမ်းမြောက်ဒေသ တိုင်းရင်းသားအဖွဲ့တွေ တိုက်ခိုက်မှု တရုတ်နိုင်ငံ ဆန့်ကျင်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဒီနေ့ နေပြည်တော်မှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့လည်း နိုင်ငံပိုင်သတင်းက ဖော်ပြခဲ့တာပါ။

တွေ့ဆုံမှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေဖက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံ အခြေစိုက် တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် မတိုင်ခင်လေးမှာပဲ နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲကို ထိန်းသိမ်းလိုက်ပြီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တာကြောင့် ဒီ သတင်းတွေ မဟုတ်မမှန်တဲ့အကြောင်း စစ်ကောင်စီဘက်က ရှင်းလင်းပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီအပေါ် တရုတ်ရဲ့ ထောက်ခံမှု အခိုင်အမာရှိနေတယ်ဆိုတာ ထပ်လောင်း ပြသလိုက်တဲ့ ခရီးစဉ် ဆိုပြီး ပြောဆိုကြပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်တာဟာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှု ချိန်ခွင်လျှာကို ပြောင်းလဲသွားစေသလို မြန်မာ့နိုင်ငံရေး အခင်းအကျင်းတခုလုံးအပေါ် ရိုက်ခတ်မှု ရှိတယ်ဆိုတာ ဘီဂျင်းအခြေစိုက် Taihe Institute က သုသေတီ Yin Yihang က ရှု့မြင်တဲ့အကြောင်း The South China Morning Post သတင်းစာမှာ ရေးပါတယ်။

တချိန်တည်းမှာ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်နိုင်ငံအကြား ဆက်နွယ်မှု ရှိတယ်လို့ စစ်ကောင်စီက ရှု့မြင်ပြီး တရုတ်နိုင်ငံ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို မတက်တော့ဘူးလို့ ငြင်းပယ်တဲ့ သတင်းတွေ ထွက်လာတကြောင့် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အကဲစပ်တဲ့ အနေအထားကို လေ့လာသူတွေ သတိထားစောင့်ကြည့် နေကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံမှာ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမည့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး Wang Yi တက်ရောက်ဖို့ရှိပြီး လမ်းမှာ မြန်မာနိုင်ငံကို ခေတ္တဝင်ရောက်လာတာလို့ ‌ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရှမ်းမြောက်ဒေသ တိုင်းရင်းသားအဖွဲ့တွေ တိုက်ခိုက်မှု တရုတ်နိုင်ငံ ဆန့်ကျင်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်