ခင်ဦးမြို့နယ်တွင်း ကျေးရွာ ၁၃ ရွာက အိမ်ခြေ ၄၀၀ နီးပါးမီးရှို့ခံရ

စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၁၃ ရွာက နေအိမ် လေးရာနီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး၊ ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ခင်ဦးမြို့နယ်တွင်းက အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို အခုစက်တင်ဘာ ၂ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေကြတာလို့ ဒေသခံတွေပြောပါတယ်။ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာ ၁၃ ရွာက နေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်စီးခံရတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက် တရက်တည်းမှာတင် ပေါက်သင်တုံ၊ ဂျပို့၊ စည်ပုတ္တရာ စတဲ့ကျေးရွာ ၃ ရွာက နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ စစ်ဘေးရှောင် ဒေသခံတဦးကပြောပါတယ်။

"ဒီကနေ့ အနေအထားဆိုရင် ဂျပို့ရွာ၊ ပေါက်သင့်တုံရွာ၊ စည်ပုတ္တရာ၊ ရွာ ၃ ရွာက အိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ပြီးတော့ ထွက်သွားပြီခင်ဗျ မဒေါင်းလှစစ်ကြောင်း အင်အား ၁,၇၀၀ စစ်ကြောင်းက။ (အားလုံး) ရွာပေါင်း ၁၃ ရွာ ရှို့ခံရတယ်။ အိမ်ခြေပေါင်း ၄၀၀ လောက်ရှို့ခံရတယ်။ မဲအိုးရွာကောဆို အားလုံး ၁၄ ရွာလောက် စစ်ဘေးရှောင်နေရတာ။လူဦးရေ တသောင်းကျော်လောက် ရှိတာပေါ့။ အကုန်လုံးပေါင်းရင် တသောင်းကျော်လောက်ရှိတယ်။ နေထိုင်ရတာတော့ သစ်ပင်လေးတွေပေါ့။ အဲ့နားက သစ်ပင်လေးတွေရှိတယ်လေ။ ထန်းတောတွေနား နေရတာပေါ့ လောလောဆယ်မှာတော့။ ဟိုရွာလေးကပ်လိုက်၊ ဒီရွာလေးကပ်လိုက် ဘေးပတ်ဝန်းကျင်ရွာတွေကို မှီခိုနေပေါ့။ တချို့တဝက်ကလည်း တောထဲမှာလည်း နေကြတယ်လေ။ သို့သော်လည်း ထန်းပင်တွေတို့၊ သစ်ပင်တို့အောက်မှာ လောလောဆယ် နေကြရတာပေါ့။ စစ်ဘေးရှောင်တွေက။"

မီးရှို့ခံရတဲ့ထဲ ပေါက်သင့်တုံရွာဟာ အဆိုးဆုံးဖြစ်ပြီး ရွာရဲ့အိမ်ခြေတဝက်လောက် မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။ နေအိမ်မီးရှို့တာအပြင် ဒေသခံ ၃ ဦးကို သတ်ဖြတ်သွားတယ်လို့လည်း မီးရှို့ခံရတဲ့ စည်ပုတ္တရာ ကျေးရွာကဒေသခံတဦးက ပြောပါတယ်။

"အခုကျနော်တို့ မီးကျွင်းမီးကျန် လိုက်ငြှိမ်းနေတယ်။ အိမ်ခြေက ၆၀ လောက်တော့ ပါမယ်ထင်တာပဲ။ ရွာထဲမှာ အကုန်မွှေနှောက်ပြီး အိမ်ထဲက ပစ္စည်းတွေ အကုန်ရှို့သွားတာ မလောင်လို့ ကျန်ရစ်တဲ့အိမ်ကျန်ရစ်တာပဲ။ ကျနော်တို့ရဲ့ ၃ ရွာ ရှို့သွားတာလေ။ အခုလောလောဆယ်တော့ နေဖို့ အခက်အခဲရှိတာပေါ့။ နေဖို့အခက်အခဲတော့ လက်တွေ့ဖြစ်မှာပဲလေ။ ရွာတွေမဝင်ခင် တောထဲ တဲတွေရှိတယ်လေ။ လယ်တောတဲတွေကို စုအိပ်ကြတာ။ မဒေါင်းကြီးဘက်က၊ ရွှေသာဘက်က သူတို့က စစ်ကြောင်းရှိတော့ ဘေးကိုထွက် စစ်ရှောင်ထားတာပေါ့။ မဒေါင်းကြီးကျေးရွာ က ၃ ယောက်ကတော့ တောထဲတဲမှာ ပစ်သတ်သွားတာပေါ့။ တယောက်ကတော့ ထားတာ အရှင်ဖမ်းသွားတာပေါ့။"

ကန့်ဘလူ အမှတ် (၁) သကြားစက်ရုံက ခလရ (၃၆၁) ဟာ မဒေါင်းလှကျေးရွာက စစ်ကောင်စီထောက်ခံသူ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး အခုလဆန်း ၂ ရက်ကစလို့ နယ်မြေရှင်းလင်းနေတာလို့ ဒေသခံတွေပြောပါတယ်။ နေအိမ်တွေမီးရှို့ခံရတာ၊ ဒေသခံတွေသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

ခင်ဦးမြို့နယ်တွင်း ကျေးရွာ ၁၃ ရွာက အိမ်ခြေ ၄၀၀ နီးပါးမီးရှို့ခံရ