ဆော်ဒီသတင်းထောက် Jamal Khashoggi သေသွားပြီလားလို့ သတင်းထောက်တွေက သမ္မတ Donald Trump ကို မေးတာမှာ - သေသွားပြီလို့ ယူဆရမှာဖြစ်ကြောင်းနဲ့ ဒါဟာ အင်မတန် စိတ်မကောင်းစရာကောင်းကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
တကယ်လို့ သူ့ကို ဆော်ဒီအာရေးဗီးယားအစိုးရက လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုရင် ကြီးမားတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း Joint Base Andrews လေဆိပ်မှာ Air Force One သမ္မတရဲ့ ကိုယ်ပိုင် လေယာဉ်ပေါ်မတက်ခင် သမ္မတ Trump က ကြာသပတေးနေ့မှာ ကတိပေး ပြောကြားလိုက်ပါတယ်။
Istanbul မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက် Khashoggi ကို ဆော်ဒီအစိုးရက စေလွတ်လိုက်တဲ့သူတွေက သတ်ဖြတ်ခဲ့တယ်လို့ တူရကီအစိုးရက စွပ်စွဲထားတဲ့ ဖြစ်စဉ်အတွက် ဆော်ဒီ အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြီးစီးဖို့အတွက် သမ္မတ Trump အစိုးရက အချိန် ပိုပေးထားပါတယ်။
အခုသီပတ်အတွင်း ဆော်ဒီနဲ့ တူရကီ အစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သူ့ခရီးစဉ်အကြောင်း သမ္မတ Trump ကို အိမ်ဖြူတော်မှာ ပြန်လည် တင်ပြတာမှာ - အမေရိကန်ပြည်ထောင်စု၊ Virginia ပြည်နယ်မှာ နေထိုင်တဲ့ သတင်းထောက် Khashoggi အသတ်ခံရမှုအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြီးစီးနိုင်အောင် ဆော်ဒီအစိုးရကို ရက်အနည်းငယ် ပိုပေးသင့်ကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဆော်ဒီဘက်က ဒီကိစ္စနဲ့ပတ်သက်တဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်မှ ဘယ်လို တုန့်ပြန်သင့်တယ်ဆိုတာကို အမေရိကန်ဘက်က ဆုံးဖြတ်သွားမယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။
Your browser doesn’t support HTML5