မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တနင်္လာနေ့က အိမ်ရှင်မလေးရှား အသင်းနဲ့မြန်မာ အမျိုးသား ဘောလုံးအသင်းတို့ ကစားခဲ့တဲ့ပွဲ အပြီး မြန်မာပွဲကြည့် ပရိသတ်တချို့ တိုက်ခိုက်ခံခဲ့ ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မြန်မာအမျိုးသား၂ ဦး ဒဏ်ရာအပြင်းအထန် ရပြီး ဆေးရုံ တင်ထားရပါတယ်။ သူတို့ကို တိုက်ခိုက်ခဲ့ သူတွေကို မလေးရှား ရဲတွေက ရှာဖွေစုံစမ်းနေတယ်လို့ မလေးရှား သတင်းတချို့မှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပါလိမ့်မယ်။
ဘောလုံးပွဲအပြီး အတိုက်အခိုက် ခံခဲ့ရတဲ့ သူတွေထဲမှာ အသက်၂၉ နှစ်နဲ့ ၃၄ နှစ် အရွယ်တွေဖြစ်တဲ့ ကိုမင်းစိုးနဲ့ ကိုမျိုးမင်းတို့က အခြေအနေ အဆိုးဆုံး ဖြစ်ပြီး သူတို့ကို ကွာလာလမ်ပူမြို့က ရှာအလမ်း ဆေးရုံမှာ တင်ထားရပါတယ်။ သူတို့ ၂ ဦး လုံးက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး သူတို့အပြင် တခြား တိုက်ခိုက်ခံရသူတွေလည်း ရှိသေးတယ်လို့ မလေးရှားရောက် မြန်မာ အသိုင်းအဝိုင်းက ပြောပါတယ်။
အခြေအနေတွေ သိရအောင် ကွာလာလမ်ပူမြို့မှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့ ကိုသီဟမောင်မောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသီဟမောင်မောင်။ ။ ည ၁၂ နာရီ ဝန်းကျင်ပေါ့နော်။ ကျနော်တို့ ပွဲပြီး တာတော့ ၁၀ နာရီ ၄၅ လောက်မှာ ပြီးတာပေါ့။ အဲတော့ ကျနော်တို့ ကားတွေပိတ်နေတဲ့ အချိန်မှာ ကားတွေကတော့ ကျနော်တို့ ထွက်တယ်ပေါ့နော်။ ထွက်ရင်း ထွက်ရင်းနဲ့ ကျနော်ကတော့ ကားပိတ်တဲ့ လမ်းကြောင်းကနေ ထွက်သွားတဲ့အချိန်မှာ ကျနော့ကို အန်တီ တယောက်က ဖုန်းဆက်တယ်ပေါ့နော်။ သူတို့အဖွဲ့ထဲပါသွားတဲ့ မင်းစိုးဆိုတဲ့ ကလေးလေး အရိုက်ခံရတယ် ဆိုတာပေါ့။ အဲဒါကို အကူညီပေးပါဆိုတော့ ကျနော်လည်း အဲဒီမှာရှိတဲ့ ပရဟိတ အဖွဲ့တွေနဲ့ ကျနော် ချိတ်ဆက်ပြီးတော့ လှမ်းပြီး မေးကြည့်တဲ့ အခါကြတော့ ဟုတ်တယ် အဲဒီ မင်းစိုးဆိုတဲ့ ကလေးက အရိုက်ခံရပြီးတော့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့လိုက်ရတယ်ပေါ့နော်။
ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့ အဲဒီ ကိုမင်းစိုး အခုအခြေအနေဘယ်လိုရှိလည်း၊ အခုဘယ်မှာလည်းခင်ဗျ။
ကိုသီဟမောင်မောင်။ ။ အခုတော့သူ ရှားလဟမ်း ဆေးရုံကြီးမှာ ရှိနေတယ်ပေါ့နော်။ ဒဏ်ရာအနေနဲ့တော့ ဦးခေါင်းတွေလည်း ကွဲသွားတယ်၊ မေးရိုးတွေလည်း ကွဲတယ်ပေါ့နော်။ မျက်နှာတခုလုံးကတော့ မမှတ်မိလောက်အောင် အဲလို ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှိနေတယ်ဗျ။ နောက်တယောက်က မောင်မျိုး သူလည်း ဦးခေါင်းလည်း ထိတယ်ပေါ့။ မျက်နှာလည်းထိတယ် လက်တွေ ခြေထောက်တွေမှာလည်း ဒဏ်ရာတချို့ရသွားတယ်ပေါ့။
ကိုကျော်အောင်လွင်။ ။ ရှေ့မှာလည်း မြန်မာဘောလုံး အသင်းက ဆက်ကန်ဖို့တွေလည်း ရှိနေသေးတယ်။ မလေးရှားနိုင်ငံရဲ့ဒီ SEA Games ကလည်း မပြီးသေးဘူး ဆိုတော့ ခင်ဗျားတို့ သွားကြည့်ကြမယ့် ပရိသတ်တွေအနေနဲ့က တော်တော်စိုးရိမ်နေရတဲ့ အခြေအနေလား နောက်ပွဲတွေ ဘယ်လိုလုပ်ကြမလဲ။
ကိုသီဟမောင်မောင်။ ။ ဆီမီးဖိုင်နယ်ပွဲ အတွက်ကတော့ မလေးနဲ့ တွေ့မှာ မဟုတ်ဘူးပေါ့နော်။ မလေးနဲ့ မတွေ့တဲ့ ပွဲကတော့ ကျနော်တို့ ဘာမှ ကြောက်စရာမရှိဘူး။ ပွဲတွေမှာလည်း သူတို့လာရောက်ပြီး နှောက်ယှက်စရာ အကြောင်းမရှိဘူးပေါ့နော်။ အခုက ကျနော်တို့ကဒီ အုပ်စု ၂ စုမှာ မလေးက တသင်းကန်မယ်။ ကျနော်တို့ မြန်မာက တသင်းကန်မယ်။ မြန်မာက ရှုံးပြီး မလေးရှုံးရင် ပြန်တွေ့ဖို့ရှိတယ်။ ကျနော်တို့ တတိယ လု မှာပေါ့နော်။ မြန်မာနိုင်မယ်။ မလေးလည်း နိုင်မယ်ဆိုရင် ကျနော်တို့ ဖိုင်နယ် ဗိုလ်လုပွဲ တက်လိမ့်မယ်။ ဆိုတော့ အဲဒီမှာ ကျနော်တို့ တသင်းရှုံးပြီး တသင်းနိုင်သွားမယ် ဆိုလို့ရှိရင်တော့ တွေ့စရာ အကြောင်းမရှိတော့ဘူး။
ကိုကျော်အောင်လွင်။ ။ မလေးရှားနဲ့ မြန်မာနဲ့ မကန်သရွေ့တော့ အခုလိုမျိုး တိုက်ခိုက်တာတွေ ရန်ဖြစ်တာတွေ ရှိလာစရာ အကြောင်းမရှိဘူးပေါ့။
ကိုသီဟမောင်မောင်။ ။ မရှိပါဘူးခင်ဗျ။ မရှိပါဘူး။
ကိုကျော်အောင်လွင်။ ။ အားပေးကြတဲ့ မြန်မာ ပရိသတ်အတွင်းမှာကော ဒီကိစ္စက တော်တော ်ထိတ်လန့်စရာ သတိထားစရာ အခြေအနေတခု ဖြစ်နေပြီလား အခု မလေးရှားမှာ။
ကိုသီဟမောင်မောင်။ ။ မလေးနဲ့ပြန်တွေ့ မယ် ဆိုရင်တော့ သေချာပေါက် စိုးရိမ်ရမယ်။ တချို့ဆို သွားကြည့်မှာတောင် မဟုတ်တော့ဘူး ပေါ့နော်။ သွားကြည့်ရင်တောင်မှ ဒီလုံခြုံရေးကို တော်တော်လေးကို လူအင်အားများများနဲ့ သွားကြည့်မဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ ပြီးခဲ့တဲ့ ပွဲစဉ်မှာတုံးက ကျနော် လက်လှမ်းမီ သလောက်လေးတွေ အဝေးကလာတဲ့ လူတွေကို အဓိကပြောတာပေါ့နော်။ သူတို့ ဘတ်စ်ကားတွေနဲ့လာတယ်။ သူတို့ကို ကျနော်ပြောပြတယ် ကိုယ့်အုပ်စုနဲ့ကိုယ် မကွဲစေနဲ့ပေါ့နော်။
အပြင်ထွက်တဲ့ အခါ ဆိုလို့ရှိရင် စကားကို အော်ကျယ်အော်ကျယ် မပြောကြဖို့ပေါ့နော်။ ဆိုတော့ အဲဒီလူတွေကို ကျနော်ဖုန်းဆက်ပြီး မနေ့ညကပဲ ကျနော ်မေးကြည့်တဲ့ အခါမှာတော့ အဲဒီလူတွေ ဘာမှ ထိခိုက်ဒဏ်ရာရတာ မတွေ့ဘူး။ သူတို့လည်း အုပ်စုလိုက် သွားတယ်ဆိုတော့ အမှန်မှာတော့ တကယ့်တကယ် ဒီပွဲမှာ ကိုယ်က ဧည့်သည်ဆိုတော့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ထိန်းထိန်းသိမ်းသိမ်း နေနိုင်မယ်ဆိုလို့ရှိရင် တော်ရုံတန်ရုံ ထိခိုက်ဒဏ်ရာ ကတော့ ရဖို့ မရှိလောက်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်ဗျ။
ဟုတ်ကဲ့ ကိုသီဟမောင်မောင် ကျေးဇူးတင်ပါတယ်။
ကိုသီဟမောင်မောင်ပါ။ မလေးရှားရဲတွေက လောလောဆယ် တိုက်ခိုက်ခဲ့တဲ့သူတွေကို ရှာဖွေစုံစမ်းနေပြီး သိတဲ့သူတွေ ရဲကို အကြောင်းကြားဖို့ကိုလည်း တိုက်တွန်းနေပါတယ်။ သူတို့ကို ပုဒ်မ ၁၄၈ ဆူပူမှုနဲ့ စုံစမ်းနေတာပါ။
ဒီလို အဖြစ်အပျက်မျိုးက SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မဖြစ်သင့်တဲ့ အရာပဲလို့မလေးရှားနိုင်ငံ လူငယ်နဲ့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာတွေ အခုလို အတိုက်အခိုက် ခံခဲ့ရတာကြောင့် မြန်မာနိုင်ငံက ကျန်းမာ ရေးနဲ့ အားကစား ဝန်ကြီးဌာနက အရာရှိတွေလည်း မလေးရှားကို သွားဖို့ရှိပြီး ဆေးရုံတင်ထားရတဲ့ သူတွေနဲ့ တွေ့ကြဖို့မလေးရှား တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်း ဆောင်ရွက်ကြဖို့မြန်မာအားကစားအဖွဲ့နဲ့ လိုက်ပါသွားတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ မလေးရှားက မြန်မာသံရုံးကပါ အားပေးကြတ ဲ့မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးကြဖို့မြန်မာအာဏာပိုင် တွေဘက်က စီစဉ်ထားတဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးရဲ့ဖေ့စ်ဘုခ် စာမျက်နှာမှာ ဖေါ်ပြ ထားပါတယ်။
Your browser doesn’t support HTML5