သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games မြန်မာအသင်း မလေးရှားကိုရှုံးပေမယ့် ဆီမီးဖိုင်နယ်တက်


u22 မြန်မာအသင်း နှင့် မလေးရှားအသင်းကစားစဉ်( Myanmar Football Federation)
u22 မြန်မာအသင်း နှင့် မလေးရှားအသင်းကစားစဉ်( Myanmar Football Federation)

မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ ၂၉ကြိမ်မြောက် SEA Games အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမျိုးသားဘော လုံး အုပ်စု (A) ပထမ နေရာအတွက် အိမ်ရှင်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ မနေ့က ကစားတဲ့အခါ မလေးရှားက မြန်မာကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တနေရာကို ရခဲ့ပါတယ်။ မြန်မာအသင်းရဲ့အလားအလာနဲ့ မနေ့ကပွဲ အခြေအနေတွေအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ပထမပိုင်းမပြီးခင် မိနစ်ပိုင်းပဲခြားပြီး မလေးရှားဘက်က၂ဂိုးဆက်တိုက်သွင်းလိုက်တာကို ရုပ်မြင်သံကြားကနေထုတ်လွှင့် ခဲ့တဲ့အသံပါ။ ဒီပွဲကို ကိုယ်တိုင်သွားအားပေးခဲ့တဲ့ မလေးရှားနိုင်ငံရောက် ကိုသီဟမောင်မောင်ကိုဆက်သွယ်မေးမြန်းထား ပါတယ်။

“မေး။ ။ မနေ့က ပွဲက မလေးရှားနိုင်ငံ အိမ်ရှင်အသင်းနဲ့ ကန်ရတယ်ဆိုတော့ မလေးရှားမှာနေတဲ့ ကိုသီဟမောင်မောင်တို့က ဒီပွဲကြည့်ရတာ တော်တော်လေးစိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ထင်ပါတယ်။

ဖြေ။ ။ဟုတ်ကဲ့ စိတ်လှုပ်ရှားဖို့တော်တော်လေးကောင်းပါတယ်။ အားတခုအနေနဲ့ ကျနော်တို့ မြန်မာတွေ တော်တော်များများ လာရောက်အားပေးတယ်ပေါ့နော်။ ပွဲကြည့်နေစဉ် ကျနော်တို့ မြန်မာတွေကြီးပဲ သတ်မှတ်ထားတဲ့ နေရာတွေဆိုရင် လူ ၉ထောင်ခန့်ဆန့်တယ်ပေါ့နော်။ အဲဒီ ၉ ထောင်ဆန့်တဲ့နေရာမှာ လူအပြည့်နီးပါးလောက်လာအားပေးကြတယ်ပေါ့နော်။ ကျနော်ခန့်မှန်းထားတာကတော့ ၈ထောင်လောက်ရှိလိမ့်မယ်ပေါ့နော်။

မေး။ ။ ဒီဘောလုံးအားကစားက မလေးရှားနိုင်ငံရဲ့ နိုင်ငံတော်အားကစားလို့ ပြောရမယ့်အဆင့်လား ၊ မြန်မာနဲ့ ယှဉ်ရင်ဘယ်လိုရှိပါသလဲ။

ဖြေ။ ။မလေးရှားကတော့ အရူးအမှုးကိုဖြစ်ကြတယ်ခင်ဗျ။ တခဲနက်ကို တော်တော်အားပေးတာ ၊ တရုံလုံးအပြည့်ပါပဲ။ ဒီကနေ့ဆိုရင် သူတို့လာအားပေးတဲ့လူတွေဆိုရင် အံ့မခန်းလောက်ပဲပေါ့နော်၊ ကျနော်တို့ မြန်မာနိုင်ငံအားပေးတာထက်ကို သူတို့နိုင်ငံက ပိုပြီး Crazy ဖြစ်ပါတယ်။

မေး။ ။ မြန်မာအသင်းရဲ့အရည်အချင်းကို သူတို့ လျှော့တွက်ထားသလား။

ဖြေ။ ။လျှော့တော့မတွက်ဘူး ၊ မြန်မာအသင်းမှာ အဓိကတော့ အောင်သူကိုလည်း တော်တော်လေးကြောက်ကြတယ်ပေါ့နော်။ မနေ့ကဆိုရင် သူတို့ သတင်းစာတွေမှာတောင်မှ ရယ်စရာအနေနဲ့ ဟာသတခုတင်ထားတာတွေ့ပါတယ်။

မေး။ ။ ဆိုတော့ မြန်မာအသင်းက ၄ ပွဲကစားတဲ့နေရာမှာ ၃ ပွဲနိုင်တယ်၊ မလေးရှားအသင်းနဲ့ ကန်တဲ့အခါကျတော့မှ ၃ ဂိုး၁ဂိုးနဲ့ ရှုံးတယ်ပေါ့နော် အခုလိုရှုံးရတာက မလေးရှားအသင်းက သိပ်ကောင်းလို့လား။

ဖြေ။ ။ခြေအားဖြင့်တော့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် တချို့ဟာတွေကျတော့ ကျနော်တို့ Training ပိုင်းတွေ နည်းနည်းကွာမယ်၊ အချိန်အဆက်ကလေးတွေ ကွာမယ်ပေါ့ ၊ အချိန်အဆက်မိမှ ဘောလုံးက ဂိုးသာနိုင်တာပေါ့နော်။ အချိန်အဆက်နည်နည်းလေးလွဲသွားတာနဲ့ ဂိုးပေးလိုက်ရတဲ့ဟာမျိုးလေးတွေဆိုတော့ တဂိုးဆိုရင် ဂိုးအရှေ့မှာပဲ ဂိုးသွင်းခွင့်ရတဲ့ အနေအထားလေးကို လွဲချော်မှုလေးဖြစ်သွားတဲ့အနေအထားလေးတွေဆိုတော့လေ။ ဒါက ကိုယ့်ဘက်က အားနည်းချက်လေးတွေပေါ့နော်။ ဘောလုံးအားဖြင့်တော့ အရှေ့တောင်အာရှမှာ သိပ်မကွာပါဘူး မလေးရှားလည်းအရမ်းအကောင်းကြီးမဟုတ်ပါဘူး။

မေး။ ။အိမ်ရှင်အသင်းနဲ့ ကန်ရတယ်၊ ပရိတ်သတ်အားပေးမှုကလည်း မြန်မာအသင်းအတွက် စိတ်ဖိစီးမှုဖြစ်စေတဲ့အချက်တခုလို့ကျနော်ထင်တယ်။ ဟုတ်ပါသလားခင်ဗျ။

ဖြေ။ ။ဟုတ်ပါတယ် သူတို့ဘက်ကဆိုရင် တခြားသီချင်းသံတွေ ဘင်ခရာသံတွေနဲ့ တချိန်လုံး ဆိုတီးမှုတ်နေပါတယ်။”

မလေးရှားနိုင်ငံရောက် ကိုသီဟမောင်မောင်ပါ။ SEA Games ဘောလုံးပွဲတွေကို ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့်မှုတွေကနေ မပြတ်တန်း စောင့်ကြည့်အားပေးနေသူ တဦးကတော့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် က မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုရင်ထွေးပါ။ မြန်မာအသင်း မလေးရှားကိုရှုံးခဲ့တာဘာကြောင့်လို့ထင် သလဲလို့ သူ့အမြင်ကို မေးထားပါတယ်။

“ဖြေ။ ။တဖက်အသင်းက အိမ်ရှင်အသင်းဖြစ်တဲ့အခါကျတော့ ကစားတဲ့အခါမှာ ကျနော်တို့ မြန်မာဘောလုံးအသင်းအနေနဲ့ စိုးရိမ်စိတ်ကလေးတွေ ရှိတာကိုတွေ့ရတယ်။ ပထမအပိုင်းအစမှာ ရော့တိရော့ယဲ ၊ ပထမတဂိုးသွင်းလိုက်တယ် မလေးရှားက ၊ နောက်ပြီး မိနစ်ပိုင်းတောင်မခြားသေးဘူး၊ ဒုတိယဂိုးထပ်ပေးလိုက်တယ်။ အဲဒါကဘာကြောင့်လဲဆိုတော့ နောက်တန်းအားနည်းတယ်။ နောက်တန်းက ဖြတ်လိုက်တဲ့ ဘောလုံးတွေက ရှေ့မရောက်ပဲ နောက်တန်းမှာပဲ တဝဲ၀ဲလည်နေတယ်။

မေး။ ။ဆိုတော့ အဲဒီအချက်က မြန်မာအသင်းရဲ့ အဓိကအားနည်းချက် လို့ပြောရမှာလားခင်ဗျ။

ဖြေ။ ။တိုက်စစ်မှာ ပိုင်ပိုင်နိုင်နိုင်လုပ်ပေးနိုင်တာဆိုလို့ အောင်သူတယောက်ပဲ ။ ပရိတ်သတ်ရဲ့အားရော၊ မလေးက ကစားတဲ့ ကစားကွက်ကရော ၊ မလေးကစားကွက်ကလည်း ကျနော်ဒီနေ့ကြည့်တယ်ခင်ဗျ တော်တော်လေးကို သပ်သပ်ရပ်ရပ်ကစားသွားတာကိုတွေ့ရတယ်။ လာမယ့် ဆီးမီးဖိုင်နယ်ကရေကုန်ရေခန်းကစားနိုင်မှ အသင်းထဲမှာ စည်းစည်းလုံးလုံးနဲ့ တယောက်ချင်းရော ၊ Team work နဲ့ရောကစားနိုင်မယ့် ကျနေ်ာတို့ ဆီးမီးဖိုင်နယ်ကိုကျော်နိုင်တဲ့အခြေအနေကို မြင်ရတယ်ခင်ဗျ။”

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုရင်ထွေးပါ။ မနေ့က ကစားခဲ့တဲ့ပွဲကြောင့် မြန်မာကို နိုင်ခဲ့လို့ မလေးရှားက စုစုပေါင်း ၉မှတ်ရထားပါပြီ။ လာအိုအသင်းနဲ့မလေးရှားတို့ သြဂုတ်လ ၂၃ရက် နေ့မှာ အုပ်စု (A) နောက် ဆုံးပွဲအဖြစ်ကစားမှာဖြစ်ပြီး ဒီပွဲမှာ မလေးရှားက တမှတ်ထပ်ရတာနဲ့ အုပ်စုဗိုလ်နေရာကို မလေးရှားရောက်လာမှာပါ။ သြဂုတ်လ ၂၆ရက်နေ့မှာတော့ အကြိုဗိုလ်လုပွဲကို ကစားကြမှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၂၉ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG