သြစတြီးယားမှာ လက်ယာစွန်းပါတီအနိုင်ရပြီး အသက်အငယ်ဆုံး ခေါင်းဆောင် တက်လာဖွယ်ရှိ

Sebastian Kurz

သြစတြီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ Sebastian Kurz ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် People’s Party အနိုင်ရသွားပါတယ်။ ဒါဟာဖြင့် အလယ်အလတ်ဝါဒီတွေနဲ့ သဘောထား မတင်းမာသူတွေ သြစတြီးယားကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အခုအခါ လက်ယာဘက်ကို ယိမ်းလာတဲ့ပုံရှိပါတယ်။

မဲလက်မှတ်တွေ အားလုံးနီးပါး ရေတွက်ပြီးချိန်မှာ People's Party က ၃၂ % အနိုင်ရရှိထားပြီး ရွှေ့ပြောင်းအခြေချ နေထိုင်မှုကို ဆန့်ကျင်တဲ့ လက်ယာစွန်း Freedom Party က ၂၇ % အနိုင်ရရှိနေပါတယ်။ လက်ရှိ အာဏာရ Social Democrats ပါတီ က ၂၇% အောက်သာ အနိုင်ရရှိပါတယ်။

အသက် ၃၁ နှစ်အရွယ် Sebastian Kurz ဟာ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသူဖြစ်ပြီး သူဟာ ဥရောပရဲ့ အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် ဖြစ်လာဖွယ်ရှိနေပါတယ်။

ဒီကနေ့ဟာ တခြားသူတွေအပေါ် အနိုင်ရတဲ့နေ့ မဟုတ်ပါဘူး ဒါပေမဲ့ ဒီကနေ့ဟာ ကျနော်တို့အတွက် ဒီနိုင်ငံကို အမှန်တကယ်ပြောင်းလဲဖို့ အခွင့်အရေးဖြစ်ပါတယ်လို့ Sebastian Kurz က သူ့ကိုထောက်ခံတဲ့ လူအုပ်ကြီးကို တနင်္ဂနွေနေ့ညမှာ ပြောကြားလိုက်ပါတယ်။

မဲအပြတ်နိုင်တာမဟုတ်တဲ့အတွက် Kurz အနေနဲ့ Freedom Party နဲ့တွဲပြီး ညွန့်ပေါင်းအစိုးရဖွဲ့ကာ ဆယ်စုနှစ်များစွာ အလယ်အလတ်လမ်းစဉ် ကျင့်သုံးခဲ့တဲ့နိုင်ငံကို လက်ယာလမ်းစဉ် နဲ့ သွားလိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

သြစတြီးယားမှာ လက်ယာစွန်းပါတီအနိုင်ရပြီး အသက်အငယ်ဆုံး ခေါင်းဆောင် တက်လာဖွယ်ရှိ