မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် ခန့်အပ်လိုက်ပြီ

Under-Secretary-General and ESCAP Executive Secretary Noeleen Heyzer.

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် ခန့်အပ်လိုက်ပြီ

{{Zawgyi/Unicode}}

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို ခန့်အပ်လိုက်ကြောင်း အတွင်းရေးမှုးချုပ် António Guterres က အောက်တိုဘလ ၂၅ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မစ္စ Heyzer ဟာ တာဝန်ချိန်ကုန်ဆုံးသွားပြီဖြစ်တဲ့ ဆွစ်ဇလန်နိုင်ငံသူ Christine Schraner Burgener နေရာမှာ အစားထိုးဆောင်ရွက်မှာ ဖြစ်ပြီး မစ္စ Burgener ရဲ့ မြန်မာလူထုအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဖေါ်ပြထားပါတယ်။

မစ္စ Heyzer ဟာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ အာရှနဲ့ပစိဖိတ်ဒေသ စီးပွါးရေးနဲ့ လူမှုကော်မရှင်မှာ အမှုဆောင်အတွင်းရေးမှုး အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ အာရှ ပစိဖိတ်ဒေသတွင်း ရေရှည်ဖွံ့ဖြိုးမှု၊ လူမှုရေးညီမျှမှုနဲ့ အကျိုးအမြတ်မျှဝေမှုတွေပေါ် အခြေခံပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ဦးစားပေး ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံးဒဏ်ခံရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် ၂၀၀၈- ၂၀၀၉ မှာ သူမဟာ အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့နဲ့ အနီးကပ်လက်တွဲပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေးနဲ့ ဆင်ရဲတွင်းနက်မှု လျှော့ချရေး အတွက် ဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၃ ကနေ ၂၀၁၅ အတွင်း Timor-Leste ဆိုင်ရာ ကုလသမဂ္ဂအတွင်ေးရးမှုးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အမှုဆောင်အကြီးအကဲအဖြစ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမျိုးသမီးထု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ချမှတ်နိုင်ဖို့ ပြုစုပြီး အကောင်ထည်ဖေါ်ရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ပဋိပက္ခဖြစ်ပွါးတဲ့ နိုင်ငံတွေက အမျိုးသမီးတွေနဲ့ လူမှုအဖွဲ့အစည်း အသီးသီး အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ အများအပြားလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အတွင်းရေးမှုးချုပ်ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ မစ္စ Heyzer ဟာ စင်္ကာပူတက္ကသိုလ် Lee Kuan Yew မူဝါဒရေးရာကျောင်းနဲ့ စင်္ကာပူ Rajaratnam (S. Rajaratnam School of International Studies) နိုင်ငံတကာရေးရာကျောင်း တွေရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် လည်း ဖြစ်ပါတယ်။ သူဟာ စင်္ကာပူတက္ကသိုလ်က BA နဲ့ MSc ဘွဲ့တွေနဲ့ Cambridge တက္ကသိုလ် က လူမှုသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ တွေရထားသူ တဦးလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် ခန့်အပ်လိုက်ပြီ

..........................................


{{Unicode}}




