ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးစည်းဝေးပွဲ ပါကစ္စတန်မှာ ကျင်းပ

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာကျင်းပတဲ့ Shanghai Cooperation Organisation (SCO) ညီလာခံပြင်ဆင်ထားပုံ။ (အောက်တိုဘာ ၁၅၊ ၂၀၂၄)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေဟာ ၂ ရက်ကြာ နှစ်ပတ်လည် အစည်းအဝေးကို ပါကစ္စတန်နိုင်ငံမှာ အင်္ဂါနေ့ စတင်လိုက်ကြပြီး ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။

လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေးနယ်ပယ်မှာ အနောက်မဟာမိတ်အဖွဲ့ကို တန်ပြန်ဖို့အတွက် တရုတ်နဲ့ ရုရှားတို့က SCO ကို ၂၀၀၁ မှာ ဖွဲ့စည်းခဲ့ကြတာပါ။ တခြား ပါဝင်တဲ့နိုင်ငံတွေကတော့ ဘဲလားရုစ် (Belarus)၊ ကာဇက်စတန် (Kazakhstan)၊ ကရစ်ဂျစတန် (Kyrgyzstan)၊ တာဂျီကစ်တန် (Tajikistan)၊ ဥဇဘက်ကစ်စတန် (Uzbekistan)၊ ပါကစ္စတန် (Pakistan)၊ အိန္ဒိယ (India) နဲ့ အီရန် (Iran) တို့ ဖြစ်ကြပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကျန်း (Li Qiang) နဲ့ ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင် (Mikhail Mishustin) တို့နဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။

တရုတ်ဝန်ကြီးချုပ်လီဟာ တက်ရောက်လာတဲ့ခေါင်းဆောင်တွေနဲ့ လေးလေးနက်နက် အမြင်ဖလှယ်ခဲ့ ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမော်နင်းက တနင်္လာနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မကြာခင်က ပါကစ္စတန်မှာ စစ်သွေးကြွတွေ တိုက်ခိုက်လာတာကြောင့် ဒီ အစည်းအဝေးအတွက် မြို့တော် Islamabad မှာ စစ်တပ်အပါအဝင် လုံခြုံရေးတပ်တွေကို ထောင်ချီ ချထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဂျိုင်ရှန်ကာ Jaishankar ကတော့ ဆယ်နှစ်အတွင်း ပါကစ္စတန်ကို ပထမဆုံး ရောက်ရှိလာတဲ့ အိန္ဒိယ ခေါင်းဆောင်ဖြစ်ပေမဲ့ ဘေးပန်းအနေနဲ့ အိန္ဒိယ ပါကစ္စတန် ဆွေးနွေးမှာ မဟုတ်ဘူး လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးစည်းဝေးပွဲ ပါကစ္စတန်မှာ ကျင်းပ