ဘန်ကောက်မြို့ ကုန်တိုက်အတွင်းပစ်ခတ်မှု အနည်းဆုံး ၃ ဦးသေ

ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်အတွင်းပစ်ခတ်မှုမှာ သံသယရှိသူလူငယ်ကို ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ (အောက်တိုဘာ ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Paragon ကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ရာက အနည်းဆုံး ၃ ဦးသေဆုံးပြီး၊ နောက်ထပ် ၄ ဦး ဒဏ်ရာရခဲ့ကြောင်း အရေးပေါ်ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်ကို ဧရာဝဏ်အရေးပေါ်ဌာန အကြီးအကဲ Yuthana Srettanan အတည်ပြုခဲ့ကြောင်းလည်း AFP သတင်းက ဖော်ပြခဲ့တာပါ။ ပစ်ခတ်မှုအတွက် မသင်္ကာသူ အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်ကို ဖမ်းဆီးထားတယ်လို့လည်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် Srettha Thavisin ကတော့ အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရှင်းလင်းနေပြီး၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့လည်း ပြောပါတယ်။

ဘန်ကောက်မြို့က နိုင်ငံခြားသား ခရီးသွားတွေ အလာများတဲ့ အချက်အခြာနေရာ Siam Paragon ကုန်တိုက်မှာ အစောပိုင်း ပစ်ခတ်မှုဖြစ်ချိန်က လူတွေထိတ်လန့်တကြား ထွက်ပြေးကြတာကိုလည်း လူမှုကွန်ရက်တွေက ဗွီဒီယိုတွေမှာ တွေ့ခဲ့ကြရတာပါ။ သေနတ်ကိုင်ဆောင်သူပေါတဲ့ ထိုင်းနိုင်ငံမှာ အနည်းနဲ့အများဆိုသလို မကြာခဏ ပစ်ခတ်မှုတွေ ကြုံရလေ့ရှိပါတယ်။

ရဲတပ်ဖွဲ့ဟောင်းတယောက်က သေနတ်၊ ဓားကိုင်ဆောင်ပြီး မူကြိုကျောင်း တကျောင်းကို တိုက်ခိုက်ခဲ့ရာက ကလေး ၂၄ ယောက်၊ လူကြီး ၁၂ ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ် တနှစ်ပြည့်ကာနီး ရက်ပိုင်း အလိုမှာပဲ ပစ်ခတ်မှုနဲ့ ကြုံခဲ့ရတာပါ။ ၂၀၂၀ တုန်းကလည်း စစ်သားဟောင်း တယောက်က Korat မြို့ ကုန်တိုက်မှာ ပစ်ခတ်မှုကြောင့် လူ ၂၉ ယောက် သေဆုံးခဲ့ဖူးပါတယ်။

နောက်ဆက်တွဲသတင်းပေးပို့ချက် ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှု မြန်မာတဦးသေဆုံး

Your browser doesn’t support HTML5

ဘန်ကောက်မြို့ ကုန်တိုက်အတွင်းပစ်ခတ်မှု အနည်းဆုံး ၃ ဦးသေ