ဆင်စွယ် ၈.၈ တန် စံချိန်ကျိုး စင်္ကာပူ ဖမ်းမိ

ဆင်စွယ် ၈.၈ တန် စံချိန်ကျိုး စင်္ကာပူ ဖမ်းမိ

စင်္ကာပူနိုင်ငံမှာ မကြာသေးခင်ကပဲ ဆင်စွယ် တန်ချိန်ပေါင်း ၈.၈ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အခုချိန်အထိဆို အများဆုံး သိမ်းဆည်းရမိတဲ့ ပမာဏ ဖြစ်ကြောင်း စင်္ကာပူအမျိုးသားဥယာဉ်ဘုတ်အဖွဲ့နဲ့ စင်္ကာပူ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့က အင်္ဂါနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံကနေ ဗီယက်နမ်ကို သင်္ဘော ကွန်တိန်နာ ၃ ခု နဲ့ တင်ပို့မယ့် ပစ္စည်းစာရင်းထဲမှာ သစ်လုံးတွေလို့ ဖေါ်ပြထားပေမယ့် တနင်္ဂနွေနေ့က အဖွဲ့ ၂ ဖွဲ့က ပူးတွဲ စစ်ဆေးရာမှာတော့ အခုလို ဆင်စွယ်တွေကို သိမ်းဆည်းရမိတာ ဖြစ်ကြောင်း ပြောပါတယ်။

အခု သိမ်းဆည်းရမိတဲ့ ဆင်စွယ် ၈.၈ တန်ဟာ အမေရိကန် ဒေါ်လာ ၁၂.၉ သန်းတန်ကြေးရှိပြီး ဆင်စွယ်တွေနဲ့ အတူ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၅ သန်းခွဲ့တန်တဲ့ သင်းခွေချပ် အခွံ တန်ချိန် ၁၁.၉ တန်ကိုပါ သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

မျိုးတုံးပျောက်ကွယ်တော့မယ့် သဘာဝတောရိုင်း တိရိစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေရောင်းဝယ်မှုကို တားဆီးဖို့ နိုင်ငံတကာ သဘောတူညီချက် CITES ကို လက်မှတ်ရေးထိုးထားတဲ့ စင်္ကာပူ နိုင်ငံမှာ ဒီမျိုးစိတ်တွေ တင်သွင်းမှု တင်ပို့မှုကို ပိတ်ပင်ထားတာ ဖြစ်ပြီး ချိုးဖေါက်သူအတွက် စင်္ကာပူ ဒေါ်လာ ၅ သိန်းအထိ ဒဏ်ငွေဖြစ်စေ ဒဏ်ငွေနဲ့ ထောင်ဒဏ်ပါ ၂ နှစ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ဟာ CITES က သတ်မှတ်ထားတဲ့ မျိုးစိတ်တွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေ သူတို့ကနေ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို စင်္ကာပူကနေ တဆင့် တင်ပို့မှုပါ အကြုံးဝင်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆင်စွယ် ၈.၈ တန် စံချိန်ကျိုး စင်္ကာပူ ဖမ်းမိ