သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးမိ ဆင်စွယ်နဲ့တောရိုင်းပစ္စည်းတွေကို မီးရှို့ဖျက်စီး


ဖမ်းဆီးမိ ဆင်စွယ်နဲ့တောရိုင်းပစ္စည်းတွေကို မီးရှို့ဖျက်စီး
(VOA)
ဖမ်းဆီးမိ ဆင်စွယ်နဲ့တောရိုင်းပစ္စည်းတွေကို မီးရှို့ဖျက်စီး (VOA)

မြန်မာနိုင်ငံ သယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ကြီးမှူးပြီး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုး ရှိတဲ့ ဆင်စွယ် (၂၇၇) ချောင်းအပါအဝင် ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်း စုစုပေါင်း ကီလိုဂရမ် ၈၅၀ နီးပါးကို ဒီကနေ့ နေပြည်တော်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး VOA သတင်းထောက် ကိုစည်သူက ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဆင်စွယ်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို ဒီကနေ့ နေပြည်တော်မှာ ပထမဦးဆုံးအကြိမ် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ပြန်လည်ရောင်းချမယ်ဆိုရင် ဈေးကွက်နဲ့ ဝယ်လိုအားကို အားပေးအားမြှောက်လုပ်ရာရောက်နိုင်တဲ့အတွက် နိုင်ငံတကာ သဘောတူညီချက်အရ အခုလို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုးကို မီးရှို့ဖျက်ဆီးလိုက်တာဖြစ်တဲ့အကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီအောင်က ပြောပါတယ်။

"ကျနော်တို့ဒီ အပြည်ပြည်ဆိုင်ရာ Convention မှာ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒီ Convention မှာလိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိပါတယ် အဲဒါကတော့ တရားမဝင်သတ်ဖြတ်ထားတဲ့ တိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေဆိုရင် ကျနော်တို့ ဖျက်ဆီးရပါတယ် မဟုတ်ရင် ဒီပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းမလဲ၊ ဒါမှမဟုတ် ပြန်လည်ရောင်းချမယ်ဆိုရင် ဒါတွေဟာ ဈေးကွက်ဖြစ်လာနိုင်တယ်၊ ဝယ်လိုအားတွေဖြစ်လာနိုင်တယ်။ ဒီအခါမှာ ထပ်ပြီးတော့ ဒီပစ္စည်းတွေကို ဝယ်လိုအားတွေရှိတဲ့အတွက် သူတို့ သတ်ဖြတ်ခြင်း ခံနိုင်ရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဖမ်းဆီးရမိတဲ့ ဆင်စွယ်တွေအပါအဝင် တောကောင်တွေအစိတ်အပိုင်းတွေကို ဖျက်ဆီးတာဖြစ်ပါတယ်။ ဒါပေမယ့်ကျနော်တို့မှာ အိမ်မွေးဆင်တွေရှိတယ်။ ဒါမှမဟုတ် သဘာဝအားဖြင့် တောထဲမှာ သေသွားတဲ့ ကောင်တွေရဲ့ အစိတ်အပိုင်းတွေရှိပါတယ်။ ဒါတွေကိုတော့ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ပြတိုက်တွေ နောက်ပြီးတော့ အထိမ်းအမှတ်အသုံးအဆောင်ပစ္စည်းတွေ ဒီနေရာတွေမှာ ရောင်းဝယ်ဖောက်ကားမှု မဟုတ်ပဲနဲ့ ဒီနေရာတွေမှာ ထိန်းသိမ်းထားတာရှိပါတယ်။"

ကမ္ဘာတဝှမ်းမှာ တရားမဝင်ဆင်စွယ်ရောင်းဝယ်နေတဲ့ ပမာဏဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ လောက်ရှိတဲ့အကြောင်းနဲ့ လက်နက်ကုန်ကူးမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှုတွေပြီးရင် အကြီးမားဆုံးဖြစ်တဲ့အကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကလည်း အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

မီးရှို့ဖျက်ဆီးလိုက်တဲ့အထဲမှာ ဆင်စွယ်နဲ့ ဆင်အရိုးတွေအပြင်၊ သင်းခွေချပ် အကြေးခွံ၊ ဆတ်ချို၊ ဒရယ်ချို ၊လိပ်ခွံမျိုးစုံနဲ့ ဝက်ဝံသည်းခြေ စတာ တွေလည်း ပါဝင်ပြီး မြန်မာနိုင်ငံမှာ ဒါ ပထမဆုံးအကြိမ် ဆင်စွယ်နဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းကို မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ကပဲ ဆင်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့တခုက မြန်မာနိုင်ငံကတဆင့် အာဖရိကတိုက်က ဆင်စွယ်တွေ တရုတ်နိုင်ငံကို တင်သွင်းနေတဲ့အကြောင်း Myanmar’s Growing Illegal Ivory Trade with China ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာမှာ ဆင်စွယ်အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ နိုင်ငံလည်းဖြစ်၊ ဆင်စွယ်နဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေကို အများဆုံး အသုံးပြုနေတဲ့ နိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံ အစိုးရက ဆင်စွယ်တွေ ရောင်းဝယ် ဖောက်ကားမှုကို တရားဝင် ပိတ်ပင် တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း တရုတ်-မြန်မာနယ်စပ် မိုင်းလားဒေသမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တရားမဝင် ဆင်စွယ်အပါအဝင် ဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်တွေ ရောင်းချမှုဟာ ၆၀% အထိ တိုးမြင့်လာခဲ့ကြောင်း ဆင်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က သုတေသီတဦးက VOA ကို ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG