သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်စွယ်မှောင်ခိုလမ်းကြောင်း ပေါ်က မြန်မာ


တရုတ်အစိုးရက ဆင်စွယ် ရောင်းဝယ်မှုတွေကို တရားဝင်ပိတ်ပင်ထားပေမယ့် မြန်မာနိုင်ငံကတဆင့် အာဖရိကတိုက်က ဆင်စွယ်တွေ တရုတ်နိုင်ငံအတွင်းကို တင်သွင်းနေကြဆဲ ဖြစ်တယ်လို့ ဆင်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ Myanmar’s Growing Illegal Ivory Trade with China ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဆောင်းပါးအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘာမှာ ဆင်စွယ်အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ နိုင်ငံလည်းဖြစ်၊ ဆင်စွယ်နဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေကို အများဆုံး အသုံးပြုနေတဲ့ နိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံ အစိုးရက ဆင်စွယ်တွေ ရောင်းဝယ် ဖောက်ကားမှုကို တရားဝင် ပိတ်ပင် တားမြစ်ထားတာပါ။ တရုတ်အစိုးရရဲ့ အဲဒီလို လုပ်ဆောင်မှုဟာ ကမ္ဘာမှာ ရှားပါးတိရစ္ဆာန်ဖြစ်လာနေတဲ့ ဆင်တွေ ကာကွယ်၊ စောင့်ရှောက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် တောရိုင်းတိရစ္ဆာန်များအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။

ဒါပေမယ့် တရုတ်အစိုးရရဲ့ အဲဒီလို လုပ်ဆောင်မှုဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၃ ပွင့်ဆိုင်ရာ ရွှေတြိဂံနယ်မြေမှာ ဆင်စွယ်တွေ တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုကိုတော့ ဟန့်တားနိုင်ခြင်း မရှိဘူးလို့ Save the Elephants - ဆင်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ ဒီဒေသဟာ Ruak နဲ့ မဲခေါင်မြစ်တို့ ဆုံဆည်းရာ နေရာလည်း ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ် မိုင်းလားဒေသမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တရားမဝင် ဆင်စွယ်အပါအဝင် ဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်တွေ ရောင်းချမှုဟာ ၆၀% အထိ တိုးမြင့်လာခဲ့ကြောင်း ဆင်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က သုတေသီ Lucy Vigne က ပြောပါတယ်။

“၂၀၁၃-၂၀၁၄ ခုနှစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် တရုတ်-မြန်မာနယ်စပ် မိုင်းလားဒေသမှာ ဆင်စွယ်နဲ့ ဆင်စွယ်ကလုပ်တဲ့ ပစ္စည်းအရေအတွက် ၅,၂၇၉ ခု ရောင်းချနေတာကို ကျမတို့ ရေတွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ ၆၃% လောက် တိုးမြင့်လာတာ ဖြစ်ပါတယ်။ တကယ်လို့ ၂၀၀၉ ခုနှစ်ကို ကျမတို့ ပြန်သွားကြည့်မယ်ဆိုရင် ဒီ မိုင်းလားဒေသမှာ အဲဒီအချိန်တုန်းက ဆင်စွယ်ထွက် ပစ္စည်းပေါင်း ၂၀၀ လောက်ဘဲ ရောင်းချတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဆင်တွေကို တရားမဝင် သတ်ဖြတ်ပြီး ဒီဒေသမှာ လာရောင်းတဲ့ ပမာဏဟာ အင်မတန်ကို တိုးမြင့်လာတယ်လို့ ပြောရမှာပါ။”

ဒီဒေသမှာ ဆင်စွယ်နဲ့ ဆင်စွယ်ထွက်ပစ္စည်းတွေကို လာဝယ်ကြသူ ၉၀% ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

“တရားဝင်ရောင်းချနေတဲ့ ဈေးကွက်ကို တရုတ်အစိုးရက ကြိုးစား အားထုတ်ပြီး ပိတ်ပစ်လိုက်နိုင်ပေမယ့် တရားမဝင် ဈေးကွက် ပပျောက်သွားအောင် မလုပ်နိုင်တာက အဓိက ပြဿနာလို့ ကျမထင်ပါတယ်။ ဒါကြောင့် တရားမဝင် ဆင်စွယ် ရောင်းချမှုတွေ အဆုံးသတ်ရေးအတွက် ဖိအားပေးပြီး အားလုံးက တညီတညွတ်ထဲ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဆင်အကောင်ရေ ၅,၀၀၀ ကနေ ဆင်စွယ်တွေကို တရားဝင်ဖြတ်ပြီး ရောင်းချခွင့်ရှိတာ မှန်ပေမယ့် မိုင်းလားနဲ့ အရှေ့တောင်အာရှတိုက်အတွင်းက တခြား ဒေသတွေမှာ အခုရောင်းနေကြတဲ့ ဆင်စွယ်တွေဟာ အာဖရိကတိုက်က တရားမဝင် တင်သွင်းလာတဲ့ ဆင်စွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆင်တွေကို အဲဒီလို ထိန်းသိန်း စောင့်ရှောက်ထားတဲ့ ပမာဏဟာ ကမ္ဘာမှာ အများဆုံး အရေအတွက်ဖြစ်ပါတယ်။

လက်ရှိရောင်းချနေတဲ့ ဆင်စွယ်နဲ့ ဆင်စွယ်နဲ့ ထုလုပ်ထားတဲ့ပစ္စည်း အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် အဆပေါင်းများစွာ ပိုများနေတယ်လို့ Lucy Vigne က ပြောပါတယ်။

“ဆင်တွေကို ခိုးသတ်ပြီး အစွယ်တွေ တရားမဝင် ဖြတ်ယူမှုတွေဟာ တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်းနဲ့ ကွန်ဂိုနိုင်ငံတွေမှာ ဖြစ်ပေါ်နေတာပါ။ ဆင်စွယ်အများစုဟာ အဲဒီဒေသနေ ထွက်နေတာပါ။ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကြောင့် မှောင်ခိုသမားတွေဟာ တံစိုးလက်ဆောင်အဖြစ် ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ဒီဆင်စွယ် အများစုကို အရှေ့ အာဖရိကနဲ့ အနောက်အာဖရိက ဒေသတွေကတဆင့် နည်းလမ်းပေါင်းစုံနဲ့ တင်ပို့နေကြတာပါ။”

ဒီအစီရင်ခံစာကို ဆင်စွယ်နဲ့ ကြံံ့စွယ် တရားမဝင် မှောင်ခိုကူးသူတွေအကြောင်း အထူး လေ့လာ စုံစမ်းနေတဲ့ အမေရိကန်က အထင်ကရပုဂ္ဂိုလ် Esmond Bradley-Martin နဲ့ Lucy Vigne တို့ ပူးတွဲ ရေးသားခဲ့ကြတာပါ။ Esmond Bradely-Martin ဟာ ကင်ညာနိုင်ငံ၊ Nairobi မြို့က နေအိမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဓားနဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူဟာ အာဖရိကတိုက်က တိရိစ္ဆာန်ထွက် ပစ္စည်းတွေ အာရှတိုက်ကို ဘယ်လို သယ်ဆောင်လာကြသလဲဆိုတာကို ဆယ်စုနှစ်ပေါင်းများစွာ ခြေရာခံ လိုက်နေခဲ့သူဖြစ်ပါတယ်။

ကင်ညာနိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း ဆင်စွယ် ၁၅ တန်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ၁၀၅ တန်ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဆင်တွေကို သတ်ဖြတ်ပြီး အစွယ်ဖြတ်ယူတဲ့ လုပ်ငန်း ရပ်တန့်သွားရေးအတွက် ဖမ်းဆီး ရမိတဲ့ ဆင်စွယ်တွေ အားလုံးကို ဖျက်ဆီးပစ်မယ်လို့လည်း ကင်ညာအစိုးရက ကတိပြုထားပါတယ်။

Save the Elephants - ဆင်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တဲ့ အောက်တိုဘာလ ၂ ရက်နေ့ တရက်ထဲမှာဘဲ WWF ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့တာမှာ အာဖရိကတိုက်က တင်သွင်းလာတဲ့ ဆင်စွယ် အကြမ်းတွေရဲ့ တန်ဖိုးဟာ ရွှေတြိဂံနယ်မြေကို ရောက်လာတဲ့အချိန်မှာ တစ် ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၇၇၀ ကနေ ဒေါ်လာ ၈၀၀ အထိ ပေါက်တယ်လို့ ဆိုပါတယ်။ အဲဒီ ဈေးနှုန်းအတိုင်း ၂၀၁၅ ခုနှစ်ကနေစပြီး ၂၀၁၇ ခုနှစ်အထိ တည်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဖရိကတိုက် ဘယ်နိုင်ငံ၊ ဘယ်မြို့တွေက ဆင်ဘယ်နှစ်ကောင်ကိုသတ်ပြီး အစွယ်တွေကို ဖြတ်ယူခဲ့တယ်၊ အဲဒီ ဆင်စွယ်တွေရဲ့ ပင်ရင်းပေါက်ဈေးက ဘယ်လောက်ဖြစ်တယ်ဆိုတာနဲ့ နောက်ဆုံး အဲဒီ ဆင်စွယ်တွေကို တရုတ်-မြန်မာနယ်စပ် မိုင်းလားဒေသအထိ ရောက်အောင် ဘယ်လို သယ်ဆောင်လာကြတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း WWF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။

တိုက်ရိုက် လင့်ခ်
ဆင်စွယ်မှောင်ခိုလမ်းကြောင်းပေါ်က မြန်မာ
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG