သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က တောဆင်ရိုင်း မျိုးတုံးမယ့်အန္တရာယ်


VOICES for MOMOS
VOICES for MOMOS

မြန်မာနိုင်ငံမှာ တောင်ဆင်ရိုင်းပစ်ခတ်သတ်ဖြတ်တာတွေ တဖြည်းဖြည်း များပြားလာတာကြောင့် လာမယ့်နှစ်ပေါင်းအနည်းငယ်အတွင်း မျိုးသုံးပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။ တောဆင်ရိုင်း မျိုးသုံးမှုအန္တရာယ်နဲ့ပတ်သတ်ပြီး ပြည်သူအကြားအသိပညာ အားနည်းတာကြောင့် အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပူးပေါင်းပြီး ပညာပေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ တောဆင်ရိုင်းပညာပေးအစီအစဉ်အကြောင်း ရန်ကုန်မြို့ကနေ ကိုစည်သူသတင်းပေးပို့ထားပါတယ်။

၂၀၁၇ နှစ်ဝက်အတွင်းမှာ သတင်းတစ်ပတ်ကို ဆင်ရိုင်းတစ်ကောင် အသတ်ခံနေရတာကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း မျိုးသုံးမယ့်အန္တာရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ တောဆင်ရိုင်းထိန်းသိမ်းရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကပြောလိုက်တာပါ။ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆင်စွယ်အတွက်သာ ဆင်ရိုင်းတွေအသတ်ခံရပေမယ့် ဒီနှစ်ပိုင်းအတွင်း ဆင်သားရေအပြင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကြောင့်ပါ ပစ်ခတ်ဖမ်းဆီးတာတွေရှိလာနေတယ်လို့ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director ခရစ်စတီဝီလျံစ် ကပြောပါတယ်။

"အရင်ကတော့ ဆင်တွေကိုသတ်တယ်ဆိုတာ ဆင်စွယ်အတွက်ပဲသတ်ခဲ့တာဖြစ်တဲ့အတွက် ဆင်ထီးတိုင်းမှာတောင် ဆင်စွယ်မရှိတဲ့ အာရှဆင်တွေက အသတ်ခံရတာအရေအတွက်နည်းပါတယ်။ အခုကတော့ ဆင်တစ်ကောင်ရဲ့အရည်ခွံကိုပါရောင်းဝယ်လာကြတာဆိုတော့ ဆင်အထီးအမကော ဆင်အကောင်အငယ်လေးတွေကိုပါ ပစ်ခတ်သတ်ဖြတ်လာကြာတာဆိုတော့ ဆင်ကောင်ရေက အမြန်ဆုံးလျော့ကျလာတာပါ။ ဒါကတကယ့်ကို စိုးရိမ်စရာပါ"

မြန်မာ့သစ်လုပ်ငန်းရဲ့ခန့်မှန်းစာရင်းတွေအရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၁၄၀၀ ကနေ ၂၀၀၀ ကြားရှိတယ်လို့ ခန့်မှန်းထားပြီးတော့ ရခိုင်၊ ပဲခူး၊ ဧရာဝတီနဲ့ မန္တလေးတိုင်းဒေသတွေမှာ နေထိုင်ကျက်စားကြပါတယ်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တောဆင်ရိုင်း ၆၃ ကောင်သတ်ဖြတ်ခံခဲ့ရပြီးတော့ ၂၀၁၇ ခုနှစ်ဇန်နဝါရီကနေ သြဂုတ်လအတွင်းမှာတင် တောင်ဆင်ရိုင်းကောင်ရေ ၃၀ အထိသတ်ဖြတ်ခံခဲ့ရပါတယ်။

တောဆင်ရိုင်းအရေအတွက်ထိန်းသိမ်းရေးနဲ့ ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားမှုတားဆီးရေးအတွက် တောဆင်ရိုင်းထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ဦးဆောင်ပြီး Voices of Momos(မိုမိုအတွက်ရင်တွင်းစကားသံ) လို့အမည်ပေးထားတဲ့ ပညာပေးလှုံဆော်မှု အစီအစဉ်တစ်ခုကိုစတင်ဆောင်ရွက်နေပါတယ်။ ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းက ထုတ်လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးမပြုရေးကတိပြုတဲ့ လှုပ်ရှားမှှုကို လူမှုကွန်ရက်စာမျက်နှာနဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေကနေတဆင့် ပညာပေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ Voices of Momos လှုပ်ရှားမှုမှာပါဝင်သူတွေကပြောပါတယ်။

တောဆင်ရိုင်းတွေနဲ့ပတ်သတ်တဲ့ အသိပညာပေးလုပ်ငန်းတွေအားနည်းနေတာကြောင့် အခုလိုလှုပ်ရှားမှုကို ပြုလုပ်ရတာကြောင့် အစိုးရနဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းမည်သူမဆို ပါဝင်နိုင်တယ်လို့ မြန်မာသစ်လုပ်ငန်း ဆင်ဌာနစိတ်က လက်ထောက်ညွှန်ကြားရေးမှူးလည်းဖြစ် ဆင်ဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာဇော်မင်းဦးက ပြောပါတယ်။
“ဆင်ကလည်း သူ့တောထဲမှာroaming လုပ် လှည့်ပတ်နေတယ် ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် စားစရာရှိရင် ဝင်စားတဲ့အတွက်ကြောင့် အဲဒီမှာ Conflict ဖြစ်တယ်။ Conflict ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေဘက်ကလည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးလာတယ်။ အဲဒီအတွက်ကြောင့် ဆင်တွေအပေါ်မှာ စိတ်နေစိတ်ထားဘာဖြစ်လာသလဲဆိုတော့ ဒီကောင်တွေမရှိမှ အေးမှာဆိုတဲ့ စိတ်မျိုးပြောင်းသွားရင် ကျနော်တို့ ဆင်တွေအတွက်တော်တော်အန္တရာယ်များပါတယ်။ အဲဒီတော့ ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုPlan တွေချမယ် ၊ ဘယ်လိုဟာတွေလုပ်မယ်ဆိုတာ ကျနော်တို့ Government ဘက်ကလည်း စဉ်းစားရမှာပါ။ ဒီဆင်တွေကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့ Education Awareness Program မျိုးတွေကနေ ကျနော်တို့ ဒီလိုပုံစံလေးလုပ်ခြင်းအားဖြင့် အထူးမေတ္တာရပ်ခံပါတယ် ကျေးဇူးတင်ပါတယ်။”

Voices of Momos လှုပ်ရှားမှုကို ၂၀၁၇ နိုဝင်ဘာကနေ ခြောက်လအချိန်သတ်မှတ်ထားပြီး ကနဦးပညာပေးအစီအစဉ်တွေကို ပြည်သူတွေကြားကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF ကပြောပါတယ်။

တောဆင်ရိုင်းထိန်းသိမ်းရေးအဓိကရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုကိုမြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန အပါအဝင် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့်အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA)၊ သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၊ Friends of Wildlife ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF နဲ့ အမေရိကန်အခြေစိုက် Smithsonian Conservation Biology Institute (SCBI) တို့ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG