စကာၤပူထိပ်သီးအစည်းအဝေးရလဒ် အကောင်အထည်ဖော်ဖို့ တရုတ်မျှော်လင့်

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့ သီတင်းပတ် စကာၤပူက ထိပ်သီးဆွေးနွေးပွဲမှာ ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတရဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြပါတယ်။ တရုတ်ကို လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို ကြိုဆိုခဲ့တဲ့ တရုတ် သမ္မတ Xi က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ Donald Trump တို့ရဲ့ ထိပ်သီးဆေးနွေးပွဲမှာတော့ ကိုရီးယားကျွန်းဆွယ်မှာ လုံး၀ နျူးကလီးယား ကင်းစင်ရေး အတွက် ဦးတည်ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပြီး အမေရိကန်ဘက်က အပြန်အလှန်အားဖြင့် လုံခြုံရေးဆိုင်ရာ သဘောတူခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကို စိတ်ဆိုးဒေါသထွက်စေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။ ဒီ ထိပ်သီးဆွေးနွေးပွဲက ကိုရီးယားကျွန်းဆွယ် နျူးကလီးယားအရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်သလို အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ အနေနဲ့ ထိပ်သီးဆွေးနွေးပွဲ ရလဒ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် သမ္မတက ပြောဆိုခဲ့ပါတယ်။

နှစ်ရက်ကြာ ခရီးစဉ် အဖြစ် ဒီကနေ့ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို ရောက်လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို တရုတ် သမ္မတ ရှီက ကြိုဆိုခဲ့ပါတယ်။ မြို့တော် ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ မြောက်ကိုရီးယား ခေါင်းဆောင်ကို တရုတ် သမ္မတက ကြိုဆိုခဲ့တာကိုလည်း CCTV မှာ ပြသပါတယ်။ ဒီကနေ့ အစောပိုင်းမှာဘဲ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ခရီးစဉ်ကို CCTV က ကြေညာခဲ့တာဟာဆိုရင် အရင်က လုပ်ရိုးလုပ်စဉ်နဲ့ ခြားနားနေပါတယ်။ အရင်တုန်းက မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ခရီးစဉ်တွေမှာတော့ သူမပြန်မချင်း သတင်းမထုတ်ပါဘူး။

Your browser doesn’t support HTML5

စကာၤပူထိပ်သီးအစည်းအဝေးရလဒ် အကောင်အထည်ဖော်ဖို့ တရုတ်မျှော်လင့်