သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲအပေါ် စင်္ကာပူရောက်မြန်မာများ စိတ်လှုပ်ရှားဝမ်းသာ


ထိပ်သီးဆွေးနွေးပွဲအတွက် လုံခြုံရေးပြင်ဆင်မှုများ
ထိပ်သီးဆွေးနွေးပွဲအတွက် လုံခြုံရေးပြင်ဆင်မှုများ

အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သမိုင်းဝင်တွေ့ဆုံမှုကို စင်ကာပူနိုင်ငံကိုရွေးချယ်ခဲ့တဲ့အပေါ် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက စိတ်လှုပ်ရှားဝမ်းသာနေကြပါတယ်။ လက်ခံတွေ့ဆုံမယ့်နိုင်ငံအဖြစ် အရေးကြီးတာဝန်ယူခဲ့တဲ့ စင်ကာပူနိုင်ငံတဝှမ်း လုံခြုံရေး ထူထူထပ်ထပ်တင်းကျပ်စွာ စီမံဆောင်ရွက်ထားပြီး ခေါင်းဆောင်တွေတည်းခိုနေတဲ့နေရာတွေနဲ့ အစည်းအဝေးကျင်းပမယ့် အရေးကြီးနေရာတွေကို လမ်းတွေ ပိတ်ထားပေမဲ့လို့ အများပြည်သူ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက်ကိုလည်း စင်ကာပူအစိုးရဘက်က စနစ်တကျစီစဉ်ထားတယ်လို့ စင်ကာပူရောက်မြန်မာတွေကပြောပြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အခုဆိုရင်တော့ ကမ္ဘာတဝှမ်းက စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြတဲ့ အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးကြဖို့ ထိပ်သီးခေါင်းဆောင်နှစ်ယောက်စလုံး စင်ကာပူနိုင်ငံကို တနင်္ဂနွေနေ့ကတည်းက ရောက်ရှိနေကြပြီဖြစ်ပါတယ်။ လုံခြုံရေးအရ အတိမ်းအစောင်းလုံးဝမခံတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖြစ်တောင့်ဖြစ်ခဲ သမိုင်းဝင်တွေ့ဆုံမှုကြီးကို စင်ကာပူနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူလက်ခံ ကျင်းပခွင့်ရခဲ့တဲ့အပေါ် စင်ကာပူနိုင်ငံသားတွေတင်မက စင်ကာပူရောက်မြန်မာနိုင်ငံသားတွေကပါ ဝမ်းမြောက်ဂုဏ်ယူ စိတ်လှုပ်ရှားနေကြတယ်လို့ စင်ကာပူရောက်မြန်မာတွေကပြောပါတယ်။

အမေရိကန်သမ္မတရော- မြောက်ကိုရီးယားခေါင်းဆောင်ပါ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတာကတော့ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ဖြစ်ရပ်ဖြစ်တယ်လို့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေစုဖွဲ့ထားတဲ့ မြန်မာကလပ် ဦးဆောင်သူလည်းဖြစ် စင်ကာပူရောက်မြန်မာနိုင်ငံသားတွေအတွက် Home အဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ မခင်လေးက အခုလိုပြောပါတယ်။

" စင်ကာပူနိုင်ငံကနေ ဒီလို Host နိုင်ငံအနေနဲ့ကျင်းပခွင့်ရတဲ့အတွက် အမတို့က ပျော်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို လုံခြုံရေးအပြည့်အဝ ပေးနိုင်မယ့်နိုင်ငံ အဖြစ် ဟိုဘက်ရော ဒီဘက်ရော နှစ်ဘက်စလုံးက ရွေးလိုက်တဲ့အတွက် စင်ကာပူအတွက် ဝမ်းသာတယ်။ သူတို့နှစ်ယောက် ရောက်လာချိန် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်နဲ့ စင်ကာပူဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန် မှာတော့ အမတို့စိတ်ထဲ တော်တော်လေး စိတ်လှုပ်ရှားမိတယ်။ နောက် ကင်မ်ကနေ သူ့ဟိုတယ်ကနေ သမ္မတအိမ်တော်ကို သွားနေတဲ့အခမ်းအနားမှာ သူွ့ရဲ့ လုံခြုံရေးတွေအပြည့်နဲ့ ထွက်လာတာကို တွေ့ရတဲ့အခါမှာလည်း တော်တော်လေး အံ့သြမိတယ်။"

အခုလို မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ရဲ့ စင်ကာပူနိုင်ငံက သမိုင်းဝင်တွေ့ဆုံမှုမှာ စင်ကာပူမှာ ကိုယ်တိုင်ရောက်ရှိနေရတဲ့အ တွေ့အကြုံကတော့ စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူဝမ်းမြောက်မိတယ်လို့လည်း စင်ကာပူရောက် မြန်မာစေတနာ့ဝန်ထမ်းမိသားစုအဖွဲ့ တည်ထောင်သူဖြစ်တဲ့ ကိုအောင်ဝင်းထွဋ်က ပြောပြပါတယ်။

"စင်ကာပူမှာ ရှိတဲ့သူတွေကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထိပ်သီးခေါင်းဆောင်နှစ်ယောက် တွေ့ကြတာကို ဝမ်းပမ်းတသာနဲ့ကြိုဆိုပါတယ်။ ကျနော့်တဦးတည်းပုဂ္ဂိလဆန္ဒအရကတော့ တကယ်ကို ဝမ်းသာတယ်။ အရမ်းကိုဝမ်းသာတယ် သူတို့နှစ်ယောက် ဒီမှာ လာပြီးတော့ တွေ့တယ်ဆိုတော့လေ။ ဒီနေရာကလည်း လုံခြုံရတဲ့နေရာဆိုတော့-သူတို့အေးအေးဆေးဆေး ဒီမှာ ဆွေးနွေးလို့ရနိုင်မယ်။ သူတို့ဆွေးနွေးပွဲလည်း အောင်မြင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။"

စင်ကာပူနိုင်ငံတဝှမ်း ကုန်းလမ်း၊ ရေလမ်းတွေမှာ လုံခြုံရေးအထူးတင်းကျပ်ထားသလို ခေါင်းဆောင်ကြီးတွေ တည်းခိုတဲ့နေရာတဝိုက်နဲ့ တွေ့ဆုံဆွေးနွေးကြမယ့် အစည်းအဝေးကျင်းပရာနေရာတွေက လမ်းပိတ်ဆို့ထားပြီး လုံခြုံရေးစနစ်တကျချထားပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လို့ အများပြည်သူ နေ့စဉ်ပုံမှန်သွားလာမှု အဆင်ပြေချောမွေ့အောင် စင်ကာပူနိုင်ငံဘက်က စနစ်တကျ စီစဉ်ပေးထားပြီး လမ်းပိတ်ထားတဲ့နေရာတွေကို ကြိုတင်သတိပေးမှုတွေလည်း ဆောင်ရွက်ထားတယ်လို့ စင်ကာပူရောက်မြန်မာတွေကပြောပြပါတယ်။ ရေဒီယို ရုပ်မြင်သံကြားတွေနဲ့ လူမှုကွန်ရက်တွေကနေ လမ်းပမ်းဆက်သွယ်ရေးအဆင်ပြေအောင် အစိုးရဘက်က ကြိုတင်ဆောင်ရွက်ထားတဲ့အခြေအနေကို ကိုအောင်ဝင်းထွဋ် ပြောပြပါတယ်။

"ကျနော်တို့ ထူးထူးခြားခြားကတော့ ခေါင်းဆောင်ကြီးနှစ်ယောက်နေတဲ့ နေရာရယ် အစည်းအဝေး လုပ်မယ့်နေရာရယ်၊ အဲ့ဒီ့သုံးနေရာကတော့ အဓိကပေါ့နော် လုံခြုံရေးကို အရမ်းကို ထူထူထပ်ထပ် ချထားတယ်။ အတားတွေ ချထားတယ်။ နောက်ပြီးတော့ ဝင်တာထွက်တာကအစ အရမ်းတင်းတင်းကျပ်ကျပ်ကို စစ်နေတယ်။ နောက် ကျနော်တို့ရဲ့ ရေဆိပ်၊ လေဆိပ်တွေ၊ ကုန်းလမ်းဝင်ပေါက်တွေ အဲ့တာတွေလည်း အထူးကို ရှာဖွေရေးလုပ်နေတယ်ပေါ့။ ဒါပေမဲ့ စင်ကာပူရဲ့ တခြားနေရာတွေကတော့ ပုံမှန်အတိုင်းပါပဲ။

အဓိက တာဝန်အရှိဆုံးကတော့ Singapore Police Force ပေါ့။ Singapore Police Force ကနေပြီးတော့ သတင်းမီဒီယာတွေကို အကြောင်းကြားထားတာကတော့ တပတ်လောက်ကစပြီး လာဖို့သေချာသွားပြီဆိုတဲ့အချိန်လောက်ကစပြီး သူတို့လာမယ့်လမ်းတွေ ဘယ်လမ်းတွေ ဘယ်လမ်းတွေ ပိတ်မယ်ဆိုတာကို မီဒီယာတွေကို ကြိုပြီးတော့ ပြောတယ်။ တချိန်တည်းမှာပဲ တွစ်တာတွေ ဖေ့စ်ဘွတ်ခ်တွေ နောက် Websites တွေကနေပြီးတော့ သူတို့ကြေညာတယ်။ နောက် သတင်းတွေ ပြည်တွင်းမီဒီယာတွေကလည်း ကြေညာတယ်။ ဘယ်နေရာတွေကတော့ သူတို့လမ်းတွေ ပိတ်ထားပါတယ်ဆိုတဲ့အကြောင်းကိုပေါ့နော် ကြိုပြီးတော့ ကြေညာထားပါတယ်။"

မခင်လေးကလည်း သက်ဆိုင်ရာက လုံခြုံရေးအစီစဉ်အရ ဆောင်ရွက်နေပေမဲ့လို့ အများပြည်သူ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးထားတယ်လို့ ပြောပြပါတယ်။

"တချို့ လမ်းတွေ တော်တော်များများပိတ်တယ် ပိတ်တယ်ဆိုတော့ သူတို့နှစ်ယောက်တည်းတဲ့ အော်ချပ်ဧရိယာတဝိုက်နဲ့ သူတို့သွားမယ့် လမ်းကြောင်းတလျောက်မှာတော့ အချိန်အားလျော်စွာ ပိတ်ထားမယ်လို့ အစကတည်းက သူတို့ကြေညာထားတယ်။ အဲ့တာကြောင့် အမတောင် ဖေ့စ်ဘွတ်ခ်မှာ ရှယ်ထားပေးတယ် ဘယ်လမ်းတွေပိတ်မယ်ဆိုတာ။ နောက်ပြီးတော့ မနက်ဖြန်ဆိုရင် sentosa မှာ Summit ရှိတဲ့အတွက် အဲ့ဒီ့တဝိုက်လည်း တော်တော်လေးကို တင်းတင်းကျပ်ကျပ် လုံခြုံရေးလုပ်ထားမယ်လို့ အမထင်တယ်။"

မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပမယ့် သမိုင်းဝင်တွေ့ဆုံမှုကနေ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ရပါစေကြောင်း ဆုမွန်တောင်းပါတယ်လို့လည်း စင်ကာပူရောက်မြန်မာတွေက ပြောပြပါတယ်။

မခင်လေး- " ဒီ့ထက်ကို ကမ္ဘာကြီး ပိုပြီးတော့ ငြိမ်းချမ်းစေချင်တာပေါ့နော် ညီမရယ် အဓိကကတော့ သူတို့ဆွေးနွေးမယ့် နျူကလီးယားလက်နက်တွေ၊ ဟိုဘက်ဒီဘက် အကုန်လုံး ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့-အကောင်းဆုံးဖြစ်မှာပဲလို့ ညီမထင်တာပဲလေ။ ဒီလိုပဲ တယောက်နဲ့တယောက် ထိန်းကြောင်းပြီးတော့ မေတ္တာနဲ့လုပ်မယ်ဆိုရင် ကမ္ဘာကြီး ဒီ့ထက်ပိုငြိမ်းချမ်းလာမယ်လို့ အမတော့ မျှော်လင့်တာပါပဲ။"

ကိုအောင်ဝင်းထွဋ်- " အဓိက ကတော့ သူတို့နှစ်ယောက် တွေ့ဆုံတာက ကမ္ဘာ့အရေးရော ဒေသတွင်းလုံခြုံရေးရော အားလုံးအတွက် အများကြီး အကျိုးသက်ရောက်ပါတယ်။ ဒီလိုမျိုး စင်ကာပူမှာ လာပြီးတော့ တွေ့ဆုံတယ်ဆိုတော့ ဝမ်းသာပါတယ်။ အထူးသဖြင့် ကျျနော်တို့ အရှေ့တောင်အာရှနိုင်ငံတခုကို သူတို့ဘက်က ယုံယုံကြည်ကြည် ရွေးလိုက်တာကိုလေ။"

မနက်ဖြန် အင်္ဂါနေ့မှာတော့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကို ကမ္ဘာတဝှမ်းက စိတ်လှုပ်ရှားစွာနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေကြမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG