စစ်တွေမှတ်တမ်းရုပ်ရှင် ကုလနဲ့ အမေရိကန်မှာ ပြသ

(Sittwe) စစ်တွေ မှတ်တမ်းရုပ်ရှင်

ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေကြောင့် လူငယ်တွေရဲ့ ပညာရေးဆုံးရှုံးနစ်နာပြီး အနာဂတ်ပျောက်ဆုံးနေတဲ့အကြောင်း ရိုက်ကူးတင်ပြထားတဲ့ (Sittwe) စစ်တွေ မှတ်တမ်းရုပ်ရှင် ကို အမေရိကန်ပြည်ထောင်စု လွှတ်တော် အပါအဝင် ကုလသမဂ္ဂဌာနချုပ်နဲ့ နာမည်ကြီး တက္ကသိုလ်တွေ မှာ ပြသနေပါတယ်။ ဒီရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ပြသဖို့ ပိတ်ပင်ထားသလို ၂၀၁၇ ခုနှစ် ဇူလိုင်လက ရန်ကုန်မှာကျင်းပတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာလည်း ပြသခွင့် တားဆီးခံခဲ့ရပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ ပြောပြမှာပါ။

မိနစ် ၂၀ ကြာမြင့်တဲ့ (Sittwe) စစ်တွေ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုဟာ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှု အကျိုးဆက်အဖြစ် လူငယ်တွေရဲ့ အနာဂတ် ဆုံးရှုံးနစ်နာခဲ့ပုံကို သုံးနှစ်ကြာ အချိန်ယူပြီး ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ လူ့အခွင့်အရေးရုပ်ရှင်ဒါရိုက်တာ Jeanne Hallacy က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီမှတ်တမ်းရုပ်ရှင်မှာ ကျမတို့ အဓိကထားတင်ပြတဲ့အချက်က ပညာရေးဖြစ်ပါတယ်။ ခွဲခြားမှုမရှိတဲ့ ပညာရေးစနစ်ကသာ လူငယ်တွေ အချင်းချင်း အပြန်အလှန်နားလည်ဆက်ဆံမှု ရရှိစေမှာဖြစ်ပြီး အဲဒီကတဆင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နဲ့ အမျိုးသားရင်ကြားစေ့ရေး အလားအလာအတွက် အခွင့်အလမ်းတွေ ပွင့်လာမလားဆိုတာ ကျမတို့ ကြိုးစားတင်ပြထားတာဖြစ်ပါတယ်။”

ဒါအပြင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်မှာလည်း ရခိုင်ပြည်နယ် ပညာရေးအတွက် အခန်းတခန်းသီးသန့်ဖေါ်ပြ အကြံပေးထားပြီး စာသင်ကျောင်းတွေမှာ ဘာသာမတူ၊ လူမျိုးမတူတဲ့အတွက် ခွဲခြားဆက်ဆံမှုတွေကို ချက်ချင်းရပ်တန့်ဖို့ လည်း တောင်းဆိုထားကြောင်း Jeanne Hallacy ကပြောပါတယ်။

“Sittwe” စစ်တွေ မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့တဲ့သတင်းပတ်က နယူးရောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံရုံးမှာ စတင် ပြသရာမှာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကောင်စီဆိုင်ရာ အမေရိကန်သံအမတ်ကြီး Kelley Curri နဲ့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre တို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ လည်း တက်ရောက် ခဲ့ပါတယ်။

“Sittwe” ရုပ်ရှင်ကို ထုတ်လုပ်တဲ့ Smile Education and Development Foundation တည်ထောင်သူလည်းဖြစ် ပြည်တွင်းမှာ လူအခွင့်အရေးကြိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဦးမျိုးဝင်းက အခုလိုပြောပါတယ်။

“Documentary နဲ့ ပတ်သက်ပြီးတော့ သူတို့ မှတ်ချက်ပေးတာကတော့ နံပတ်၁ ကျနော်သတိပြုမိတာက ဒီရုပ်ရှင်က အင်မတန်မှပဲ ဒီပဋိပက္ခနဲ့ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတစုံလုံးကို နားလည်အောင်လုပ်ပေးတယ်လို့ သူတို့မှတ်ချက်ပေးပါတယ်။ ဒုတိယတချက်ကတော့ ဒီအကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူငယ်လူရွယ်တွေရဲ့ ရင်ဆိုင်ရတဲ့ သူတို့ကိုယ်တိုင်မကျူးလွန်တဲ့အပြစ်ကို သူတို့ကနေလာပြီးတော့မှ အပြစ်သားအနေနဲ့ စတေးခံရတဲ့ ကိစ္စ ဒါတွေဟာ သူတို့ရဲ့ ပညာရေးအားနည်းတဲ့ အပေါ်မှာလည်းပြန်ပြီးတော့မှ ဒါကို ကျော်လွှားချင်တဲ့အနေအထားတွေကို လုပ်တဲ့နေရာမှာ သူတို့မရွေးချယ်သင့်တဲ့နည်းတွေကို ရွေးချယ်လာတဲ့အခွင့်အလမ်းတွေများနေတယ်။ ကမ္ဘာကြီးကလည်း ဒီလောက် ရခိုင်မှာဖြစ်နေတယ်ဆိုတာ ကမ္ဘာကြီးရဲ့ ဝန်ထုတ် ဝန်ပိုးဖြစ်လာတယ်။ အဲဒီအနေအထားတွေကို သူတို့ Remark ထဲမှာ ထည့်ပေးသွားပါတယ်။”

စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ်က လူမျိုးရေး၊ ဘာသာရေးအပေါ်အခြေခံပြီး ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကြောင့် နေရပ်ကနေ အတင်းအကျပ်ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်စခန်းတွေထဲက ဆယ်ကျော်သက်လူငယ်နှစ်ဦးဖြစ်တဲ့ မွတ်စလင် မိန်းကလေးငယ် မဖြူဖြူသန်းနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် မောင်အောင်ဆန်းမြင့်တို့ရဲ့ ပညာရေးဆုံးရှုံးနစ်နာခဲ့တဲ့ဖြစ်ရပ်တွေကို ၂၀၁၄ခုနှစ်က စတင်ရိုက်ကူးပြီး ၂၀၁၇ခုနှစ်ဆန်းပိုင်းမှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုကို မြန်မာနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ဦးမျိုးဝင်းက အခုလို ပြောပြပါတယ်။

“အဓိကတော့ ကျနော်တို့ ဒီလိုဟာတွေကို Censorship ဘုတ်အဖွဲ့က ပယ်လိုက်တဲ့အပေါ်မှာ တော်တော်အံ့သြသွားတယ်။ ဒီပဋိပက္ခတွေရဲ့ အခြေအနေကို လူထုကလည်းကောင်းကောင်းတွေ့ခွင့်မရတဲ့အခါကျတော့ အခုအချိန်မှာ Fake news တွေ Fake Information တွေ က ပိုပြီးတော့မှ Propaganda လုပ်လို့ကောင်းတာပေါ့ ။ ဒါကိုနဂိုကတည်းက အခုလို Documentary သမားတွေ Documentary ပြထားတယ် ဆိုရင် လူထုက ကြည့်ထားတယ်ဆိုရင် ဒီအခြေအနေကို အတိုင်းအတာတခုအထိ နားလည်မယ်လေ။ အခုက ပြည်တွင်းမှာလုံး၀ ဒါနဲ့ ပတ်သက်လို့ရှိရင် ဒီပဋိပက္ခနဲ့အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အခြေခံတဲ့ ဟာမျိုးတွေကို ပြည်တွင်းမှာပြဖို့ Space မပေးတာက barrier တခုပဲ အဲဒါ အဓိကပြဿနာလို့ ကျနော်မြင်တယ်။”

Sittwe မှတ်တမ်းရုပ်ရှင်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမေရိကန် လွှတ်တော်မှာ ပြသဖို့ရှိပြီး မနေ့က ဝါရှင်တန်ဒီစီမှာ ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုတဝန်းက နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ Harvard ၊ Yale ၊ Johns Hopkins ၊ Georgetown ၊ Colombia အပါအဝင် တက္ကသိုလ်ပေါင်း ၁၀ ခုကျော်မှာ ပြသဖို့ American Jewish World Service ကမ္ဘာလုံးဆိုင်ရာ အမေရိကန်-ဂျူး အသင်းကနေ ပံပိုးပေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က နယူးရောက်Colombia တက္ကသိုလ်မှာ ပြသခဲ့ပြီး ဒီကနေ့ ညနေပိုင်း မှာတော့ ဝါရှင်တန်ဒီစီက Georgetown တက္ကသိုလ်မှာ Sittwe ရုပ်ရှင်ကို ပြသမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်တွေမှတ်တမ်းရုပ်ရှင် ကုလနဲ့ အမေရိကန်မှာ ပြသ


Your browser doesn’t support HTML5

စစ်တွေ မှတ်တမ်းရုပ်ရှင်