(Zawgyi / Unicode)
ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ် သေဆုံးသူ စုစုပေါင်း ၁.၉ သန်းရှိပြီး အဲဒီအထဲက ၂၀ ရာခိုင်နှုန်းက နှလုံးရောဂါနဲ့ ဆက်နွှယ်ပြီး သေဆုံးရတာ ဖြစ်ကြောင်း၊ သွေးတိုးနဲ့ နှလုံးရောဂါ အခံရှိသူတွေဟာ COVID-19 ဒဏ်ကို ပိုပြီး ခံရကြရတာကြောင့် ဆေးလိပ်သောက်သုံးတာ မကောင်းကြောင်းကို COVID ကာလအတွင်း သိနားလည်လက်ခံလာသူတွေ များပြားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
Your browser doesn’t support HTML5
COVID-19 ကြောင့် အခုအခါ ဆေးလိပ်ဖြတ်ချင်သူ လူ သန်း ၄၀၀ လောက် ကမ္ဘာပေါ်မှာ ရှိနေကြောင်း၊ ဒီလို အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ဖြစ်ပွားတဲ့ ကပ်ရောဂါဒဏ်ကို အလွယ်တကူ ခံရနိုင်တယ်ဆိုတာကို သူတို့တတွေ သိမြင်လာသလို ရောဂါလက္ခဏာ ပြင်းထန်တဲ့အဆင့်ကို ခံစားရနိုင်တာကိုလည်း သဘောပေါက်လာကြကြောင်း WHO က ကျန်းမာရေးမြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူး Ruediger Krech က ပြောပါတယ်။
ဒါဟာ သတင်းကောင်းဖြစ်ကြောင်းနဲ့ ဆေးလိပ်သောက်သူတွေ အနေနဲ့ ဆေးလိပ် ချက်ချင်းဖြတ်မယ်ဆိုရင် ဆေးလိပ်ဖြတ်ပြီး ၁ နှစ်အကြာမှာ နှလုံးရောဂါရနိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်းလည်း သူက ပြောပါတယ်။
ကမ္ဘာပေါ်မှာ နှစ်စဉ် သေဆုံးမှုတွေထဲ နှလုံးရောဂါကြောင့် သေဆုံးရတာက အများဆုံးဖြစ်ပြီး နှစ်စဉ် ခန့်မှန်းခြေ လူ ၁၇.၉ သန်း နှလုံးရောဂါကြောင့် သေဆုံးရတာပါ။ အဲဒီထဲက ၂ သန်းနီးပါးဟာ ဆေးလိပ်သောက်လို့ ဒါမှမဟုတ် Second Hand Smoking လို့ခေါ်တဲ့ ပတ်ဝန်းကျင်က ဆေးလိပ်သောက်သူတွေတဆင့် ရောဂါရတာကြောင့် သေဆုံးရတာလို့ WHO က ပြောပါတယ်။
ဆေးလိပ်သောက်သုံးတာအပြင် ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားတာ၊ သွေးတိုးရောဂါ၊ သွေးထဲ ကိုလက်စရောဓာတ်များတာနဲ့ အဝလွန်တာတွေကလည်း နှလုံးရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ သွေးတိုးရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေဟာ COVID-19 ရောဂါ ပြင်းထန်တဲ့ ဝေဒနာကို ပိုပြီး ခံစားရတဲ့ အခြေအနေ ရှိတယ်လို့လည်း WHO က သတိပေးထားပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)