သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်သောက်သူ ၄၀% အဆုပ်ရောဂါနဲ့ သေဆုံး


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ ဆေးလိပ်သောက်သူတွေရဲ့ ၄၀% ဟာ အဆုပ်ရောဂါတွေဖြစ်တဲ့ အဆုပ်ကင်ဆာ၊ နာတာရှည်အသက်ရှုလမ်းကြောင်းရောဂါနဲ့ တီဘီရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ သတိပေးလိုက်ပါတယ်။ ဒီနေ့ သောကြာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ.ဆေးလိပ်၊ ဆေးရွက်ကြီးတိုက်ဖျက်ရေးနေ့မတိုင်ခင်လေးမှာပဲ၊ ဒီသတိပေးချက်နဲ့အတူ “ဆေးလိပ်ကြောင့် သင့်အသက်မဆုံးပါစေနဲ့” ဆိုတဲ့ ဒီနှစ်အတွက်ဆောင်ပုဒ်ပါ ထွက်လာတာပါ။ ဒီအကြောင်း VOA သတင်းထောက် Lisa Schlein က၊ WHO ဌာနချုပ်ရှိရာ ဂျီနီဗာကနေ သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် နှစ်စဉ်အနည်းဆုံး လူပေါင်း ၈ သန်းသေဆုံးနေရတယ်လို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီကုလ ကျန်းမာရေးဌာနကြီးက အဆုပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့်ပဲ လူပေါင်း ၃.၃ သန်းကလည်း သေဖို့ရှိနေရာမှာ အသက်ရှုလမ်းကြောင်းထဲ ပိုးဝင်သေရမယ့် ၅ နှစ်အောက်ကလေး ၆ သောင်းအပါအဝင် ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် အနားကလူ သောက်မိတဲ့ ဆေးလိပ်မီးခိုး ရှုမိသူတွေလည်း ထပ်သတိပေးလိုက်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကူးစက်မဟုတ်တဲ့ ရောဂါကာကွယ်ရေးဌာနက ညွှန်ကြားရေးမှူး Dr. Vinayak Prasad က ဒီဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် တကမ္ဘာလုံးမှာ စီးပွားရေး ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁.၄ trillionတောင်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီစီးပွားရေးဆုံးရှုံးမှုထဲမှာ ကျန်းမာရေးအသုံးစရိတ်တွေ ဖျားနာမှုကြောင့် ကုန်ထုတ်လုပ်အားဆုံးရှုံးမှုတွေနဲ့ ဆေးလိပ်သောက်တာနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် လူတွေ ဆေးလိပ်ဖြတ်လိုက်ရင် အသက်ဆုံးရှုံးတာရော၊ ငွေကြေးဆုံးရှုံးတာပါ ကာကွယ်ပေးနိုင်တယ်လို့ Dr. Vinayak Prasad ကဆိုပါတယ်။

“ကျွန်တော်တို့ တွေ့နေရတာက ကမ္ဘာပေါ်က ၂၀% နီးပါးရှိနေတဲ့ ဆေးလိပ်သောက်နေသူတွေသာ ဆေးလိပ်ဖြတ်လိုက်နိုင်ရင်၊ အထူးသဖြင့် အဆုပ်ရောဂါ မဖြစ်နိုင်တာလို တချို.အကျိုးကျေးဇူးတွေက တကယ့်ကို လုံးဝ ချက်ချင်း ရလာမှာပါ။ (၂) ပတ်အတွင်း အဆုပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန် ပြန်ဖြစ်လာမယ်လေ။”

ဒါ့အပြင် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးကပဲ ဆေးလိပ်သောက်သူနှုန်းက တကမ္ဘာလုံးမှာ သကရာဇ် ၂၀၀၀ မှာ ၂၇ ရာခိုင်နှုန်းရှိတာကနေ ၂၀၁၆ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းကို ကျဆင်းသွားပေမယ့် ကမ္ဘာလူဦးရေတိုးနှုန်းကြောင့် တကမ္ဘာလုံးဆေးလိပ်သောက်သူအရေအတွက်က သန်းပေါင်း ၁၁၀၀ မှာ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီ WHO အဖွဲ့ကြီးမှာ Dr. Vinayak Prasad နဲ့ ဌာနတခုတည်း လုပ်နေတဲ့ နည်းပညာဆိုင်ရာအရာရှိ Kerstin Schotte ကလည်း ဆင်းရဲတဲ့နိုင်ငံတွေနဲ့ စာရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ ဆေးလိပ်သောက်နှုန်း တဟုန်တိုးကျဆင်းသွားတယ်လို့ ဆိုပါတယ်။

“တချို. ဝင်ငွေနည်းပါးတဲ့ တိုင်းပြည်တွေနဲ့ ဝင်ငွေ အလယ်အလတ် တိုင်းပြည်တွေ မှာ နှစ်စဉ်ဆေးလိပ်သောက်သူနှုန်းက နှစ်စဉ်တိုး တောင် တိုး လာနေပါတယ်။ ဆေးလိပ်ကုမ္ပဏီတွေက ဒီ နိုင်ငံတွေကို အဓိက သွားနေကြတာပါ။ ဘာကြောင့်လဲဆိုတော့ ချမ်းသာတဲ့ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ဆေးလိပ်လုပ်ငန်း အလုပ်မဖြစ်တော့တာ သူတို့ သိထားတယ်လေ။ ဒါကြောင့် သူတို့က ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေ နဲ့ ဝင်ငွေအလယ်အလတ်နိုင်ငံတွေကိုသွားပြီး အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေကို ပစ်မှတ်ထားလာကြတာ တွေ့ရပါတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပဲ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျစေဖို့ ထိရောက်ပြီး နိုင်ငံတွေမှာ ဈေးသက်သက်သာသာအကောင်အထည်ဖော်နိုင်မယ့် နည်းတွေကို အကြံပေးထားပါတယ်။ ဒီနည်းတွေထဲမှာ ဆေးလိပ်မသောက်ရနယ်မြေသတ်မှတ်တာ ၊ ဆေးလိပ်ကြေညာတွေနဲ့ ဆေးလိပ်ကုမ္ပဏီတွေက စပွန်စာလုပ်တာတွေကို တားမြစ်တာနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဆိုင်ရာ ပစ္စည်းတွေကို လူငယ်တွေအပါအဝင် လူအများမတတ်နိုင်အောင် ရောင်းချမှုအပေါ် အခွန်တိုးကောက်ယူတာတွေ ပါပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG