Solar Impulse 2 လေယာဉ်ဟာနေရောင်ခြည် စွမ်းအင်သုံးပြီး ကမ္ဘာကိုပတ်တဲ့ ပထမဆုံးလေယာဉ်ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ကီလိုမီတာ ၄ သောင်းခရီးကို စတင်ခဲ့တဲ့ Abu Dhabi မြို့ကို Solar Impulse 2 လေယာဉ် ဒီကနေ့မှာ ပြန်လည် ဆင်းသက်နိုင်ခဲ့ ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဟာ လောင်စာဆီတစက်မှ မသုံးပဲ ကမ္ဘာတဝန်းနေရာ ၁၆ ခုကို အရောက်သွားနိုင်ခဲ့ပါတယ်။
ပြည်သူလူထုတွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ အစိုးရတွေအနေနဲ့ ဒီလိုမျိုး ဖြစ်နိုင်ခြေရှိတဲ့ ဘယ်လိုနေရာမျိုးမှာမဆို အလားတူ အသုံးချ ချင်စိတ်ရှိလာအောင် ဆက်လက်တိုက်တွန်းဖို့ ရည်ရွယ်ထားပါတယ်လို့ Solar Impulse ဥက္ကဋ္ဌလည်းဖြစ်၊ လေယာဉ်မှူးလည်းဖြစ်သူ Bertrand Piccard ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
Abu Dhabi ကို လေယာဉ်ဆင်းသက်ချိန်မှာတော့ အခြားလေယာဉ်မောင်း တဦးဖြစ်သူ Andre Borschberg နဲ့အတူ လူအတော်များများလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြိုနှုတ်ဆက်ပါတယ်။ ကားတစီးအလေးချိန်ထက် အနည်းငယ်သာပိုတဲ့ Solar Impulse လေယာဉ်ရဲ့အတောင်ပံ ၂ ဖက်ထိပ် အကွာအဝေး ကတော့Boeing 747 လေယာဉ်တောင်ပံလောက် အကွာအဝေးလောက်ထိ ကျယ်ပြန့်ပါတယ်။
နေရောင်ခြည် စွမ်းအင်သိုမှီးနိုင်တဲ့ solar cell ပေါင်း ၁၇၂၄၈ ခုကနေ ရရှိတဲ့ စွမ်းအင်နဲ့ လေယာဉ်ပန်ကာ ၄ လုံးကို လည်ပတ်စေတာဖြစ်ပြီး ညဘက်မှာတော့ Lithium Polymer ဘက်ထရီ ၄ လုံးကို အသုံးပြုပြီး လေယာဉ်ကို မောင်းပါတယ်။ ၇၂ မီတာ အရှည်ရှိတဲ့ လေယာဉ်တောင်ပံပေါ်က Solar Cell တွေ ကနေ နေရောင်ခြည် စွမ်းအင်ကို ရရှိတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာတပတ်ပြည့် ခရီးအောင်မြင်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်