တောင်အာဖရိက သမ္မတသစ် ကျမ်းကျိန်

တောင်အာဖရိက သမ္မတ Cyril Ramaphosa (ယာ) (မေ၊ ၂၅၊ ၂၀၁၉)

တောင်အာဖရိကနိုင်ငံရဲ့ သမ္မတသစ်အဖြစ် Cyril Ramaphosa ဒီကနေ့ စနေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ မြို့တော် Pretoria မှာကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဧည့်သည်တော် ၃ သောင်းလောက် တက်ရောက်လာတာပါ။

သူ့အပေါ် ထားတဲ့ ယုံကြည်မှုတွေအပေါ် တန်ဖိုးထားတဲ့အပြင် တောင်အာဖရိကနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း သတိပြုမိကြောင်းနဲ့ ပြည်သူပြည်သားတွေအနေနဲ့ ပိုမိုကောင်းတဲ့ အနာဂတ် မျှော်မှန်းနေကြတယ်လို့လည်း သမ္မတသစ် Ramaphosa ကကျမ်းသစ္စာကျိန်ဆိုပွဲမှ ပြောဆိုသွားပါတယ်။

သမ္မတဟောင်း Jacob Zuma ကို ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ သန်း ၂၀ ကို ကိုယ်ပိုင် အိမ်ယာပြင်ဆင်မွမ်းမံမှုမှာ အသုံးပြုခဲ့တဲ့ စွဲချက်အပါအဝင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကြောင့် ပြီးခဲ့တဲ့နှစ်က အာဏာက ဖယ်ရှားလိုက်ပြီး Ramaphosa က သမ္မတတာဝန် လွှဲပြောင်းရယူခဲ့တာပါ။

တောင်အာဖရိက ပြည်သူပြည်သားတွေကလည်း သူတို့ ယုံကြည်ကိုးစားခဲ့တဲ့သူတွေအနေနဲ့ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုဒဏ်ကို ခံနိုင်ရည် မရှိကြတာကို လတ်တလော တွေ့မြင်ခဲ့ရတယ်လို့လည်း သမ္မတသစ် Ramaphosa ကပြောပါတယ်။

တောင်အာဖရိကနိုင်ငံကို အာဏာအလွှဲသုံးစားမှုတွေ၊ သဘာဝရင်းမြစ်တွေ အချည်းနှီး ကုန်လွန်နေတဲ့အခြေအနေက လွတ်ကင်းတဲ့ နိုင်ငံဖြစ်ဖို့ သူမျှော်မှန်းထားပါတယ်လို့လည်း သမ္မတသစ် ကပြောဆိုပါတယ်။ နိုင်ငံတွင်းက ဆင်းရဲမွဲတွေမှှုတွေကို မျိုးဆက်တခုအတွင်း ပပျောက်သွားအောင်လုပ်ကြဖို့လည်း သမ္မတသစ် Ramaphosa တိုက်တွန်းပြောဆိုသွားတာပါ။

ရွေးကောက်ပွဲမှာ Ramaphosa အနိုင်ရခဲ့တဲ့အတွက် သမ္မတဟောင်း Nelson Mandela ရဲ့ ANC ပါတီက အာဏာကို ဆက်ပြီးဆုပ်ကိုင်ထားလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တောင်အာဖရိက သမ္မတသစ် ကျမ်းကျိန်