မြောက်ကိုရီးယားအန္တရာယ် လက်တွဲရင်ဆိုင်ဖို့ တောင်ကိုရီးယားနဲ့ဂျပန် သဘောတူ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol (ဝဲ) နဲ့ ဂျပန်ဝန်ကြီးချုပ်သစ် Shigeru Ishiba (ယာ)

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အတူတကွ လက်တွဲတွန်းလှန်ဖို့လိုအပ်ကြောင်း တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် Shigeru Ishiba တို့နှစ်ဦး ပထမဆုံး တယ်လီဖုံးနဲ့ဆက်သွယ်ပြောဆိုချိန်မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဂျပန်အာဏာရပါတီရဲ့ ခေါင်းဆောင်အဖြစ် Ishiba အရွေးချယ်ခံရတာကို ကြိုဆိုကြောင်းနဲ့ သူ့ခေါင်းဆောင်မှုအောက်မှာ နှစ်နိုင်ငံ လုံခြုံရေးနဲ့စီးပွါးရေးကိစ္စရပ်တွေကို အတူတကွ လက်တွဲဆောင်ရွက်ပြီး တိုးတက်အောင်လုပ်ဆောင်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ တောင်ကိုရီးယားက ပြောကြားခဲ့တာပါ။ အခု ဖုံးနဲ့ ဆက်သွယ်ပြောဆိုချိန်မှာလည်း အိမ်နီးချင်း ၂ နိုင်ငံဟာ တူညီတဲ့အကျိုးစီးပွါးနဲ့ စံတန်ဖိုးတွေရှိတဲ့ အရေးပါတဲ့ မိတ်ဘက်တွေဖြစ်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ အနီးကပ်ဆက်သွယ်မှုတွေ ဆက်လုပ်ဖို့ ပန်ကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဆက်လက်ရန်လိုမှုတွေကို တုံ့ပြန်ရာမှာ တောင်ကိုရီးယားနဲ့ -ဂျပန်၊ တောင်ကိုရီးယား-အမေရိကန်နဲ့ဂျပန်တို့ကြား စည်းလုံးမှုရှိဖို့လိုအပ်ကြောင်း နှစ်ဘက် သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။ အင်္ဂါနေ့မှာ ဝန်ကြီးချုပ်တာဝန်ကို စယူခဲ့တဲ့ Ishiba ကလည်း ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း လုံခြုံရေးခြိမ်းခြောက်မှု အကြီးမားဆုံးခံနေရတဲ့ဂျပန်အတွက် မိတ်ဆွေ နိုင်ငံတွေနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ထူထောင်မှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့တာပါ။

တောင်ကိုရီးယား သမ္မတ Yoon ဟာ ဂျပန်နဲ့ သံတမန်ရေးတိုးတက်မှုရှိအောင် လုပ်ဆောင်ခဲ့သလို ဂျပန်-အမေရိကန်-တောင်ကိုရီးယား ၃ နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး မကြာခင်မှာ တွေ့ဆုံဖို့သဘောတူခဲ့ကြကြောင်းလည်း တောင်ကိုရီးယား သမ္မတရုံးကရော၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကပါ ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားအန္တရာယ် လက်တွဲရင်ဆိုင်ဖို့ တောင်ကိုရီးယားနဲ့ဂျပန် သဘောတူ