သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ဆက်ဆံပြီး မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ဟန့်တား နိုင်ဖို့ တောင်ကိုရီးယားသမ္မတက ပြောကြား


တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ် (Yoon Suk Yeol) မတ် ၁ ရက် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲအထိမ်းအမှတ် ၁၀၅ နှစ်မြောက် အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားစဥ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ခ်ယိုးလ် (Yoon Suk Yeol) မတ် ၁ ရက် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲအထိမ်းအမှတ် ၁၀၅ နှစ်မြောက် အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - AFP

ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာတာက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသမ်း ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ရာ အထောက်အကူပြုတယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ခ်ယိုးလ်(Yoon Suk Yeol) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကူညီကြဖို့ သူက ပြောပါတယ်။

ဂျပန်ရဲ့ ၁၉၁၀-၁၉၄၅ ခုနှစ် ကိုရီးယား သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် လှုပ်ရှားမှု အထိမ်းအမှတ် မိန့်ခွန်းမှာ ယွန်ဆော့ခ်ယိုးလ်က “လာမယ်နှစ်ဆိုရင် ဂျပန်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ နှစ် ၆၀ ပြည့်ပြီဖြစ်ပြီး ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြင့်မားတဲ့ အဆင့်ကို တိုးမြှင့်နိုင်မယ့် အခွင့်အလမ်း ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ “အခုအခါမှာ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံဟာ နာကျင်စရာအတိတ်ကို ကျော်လွှားပြီး ကမ္ဘာသစ်ဆီ လျှောက်လှမ်းနိုင်ဖို့ အတူတကွ လုပ်ဆောင်နေကြတယ်” လို့ သူက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်နိုင်ဖို့ နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုအားကောင်းလာနေတယ်” လို့ သူက ပြောပါတယ်။

ယွန်ဆော့ခ်ယိုးလ်ရဲ့ ရှေးရိုးစွဲ ကွန်ဆားဗေးတစ်အစိုးရအဖွဲ့က တရုတ် သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်၊ တခါ မြောက်ကိုရီးယားကလည်း ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ နှစ်ပေါင်းများစွာ သမိုင်းမှာ မကျေလည်တာတွေ ဖြစ်ခဲ့တဲ့ ဂျပန်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်လာနေတာပါ။

တောင်ကိုရီးယား-အမေရိကန် ပူးတွဲလေကြောင်းလေ့ကျင့်မှုအတွင်း Pyeongtaek ရှိ အမေရိကန်လေတပ် F-35A တိုက်လေယာဥ်တစီး ပျံတက်သွားတဲ့ မြင်ကွင်း။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၄ မှာ ရိုက်ကူးထားသည်။ (ဓာတ်ပုံ - Handout / တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန / AFP)
တောင်ကိုရီးယား-အမေရိကန် ပူးတွဲလေကြောင်းလေ့ကျင့်မှုအတွင်း Pyeongtaek ရှိ အမေရိကန်လေတပ် F-35A တိုက်လေယာဥ်တစီး ပျံတက်သွားတဲ့ မြင်ကွင်း။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၄ မှာ ရိုက်ကူးထားသည်။ (ဓာတ်ပုံ - Handout / တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန / AFP)

ယွန်ဆော့ခ်ယိုးလ်ရဲ့ လွတ်လပ်ရေး အားလပ်ရက် မိန့်ခွန်းထဲမှာ ကိုးရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး အတွက်လည်း ထည့်သွင်းပြောခဲ့ပြီး “ဒီ ပေါင်းစည်းရေးဟာ စိန်ခေါ်မှုတခုဖြစ်လို့ တောင်ကိုရီးယား တနိုင်ငံတည်း မဆောင်ရွက်နိုင်ဘဲ နိုင်ငံတကာ အသိုက်အဝန်းကလည်း တာဝန်သိသိနဲ့ ကူညီပေးရမယ်” လို့ ပြောပါတယ်။ မြောက်ကိုရီးယားဘက်ပြောင်း ခိုလှုံလာသူတွေကို တောင်ကိုရီးယားအစိုးရက ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ လည်း ယွန်ဆော့ခ်ယိုးလ်က ပြောပြီး မြောက်ကိုရီးယား အစိုးရဟာ “အာဏာရှင် အစိုးရ ဖြစ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်” လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။


ဒီနှစ်ဆန်း ဇန်န၀ါရီလကတင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယားဟာ “အဓိကရန်သူ” နိုင်ငံလို့ ခေါ်ဆိုခဲ့ပြီး ပြန်လည်ပေါင်းစည်းရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ပြီးနောက်မှာ တောင်ကိုရီးယားခေါင်းဆောင် ယွန်ဆော့ခ်ယိုးလ်ရဲ့ မှတ်ချက်စကားတွေ ထွက်လာတာလည်း ဖြစ်ပါတယ်၊

မြောက်ကိုရီးယားဘက်က သူ့အနေနဲ့ ရန်သူနိုင်ငံတွေနဲ့ "နျူကလီးယားစစ်ပွဲ" ဆင်နွှဲရန် အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်ထားသလို ဒါကို တုံ့ပြန်တဲ့ အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ တောင်ကိုရီးယားဘက်ကလည်း အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပြီး ဒီလို စစ်ရေးလေ့ကျင့်တဲ့ အထဲမှာ တခါတရံ ဂျပန်နိုင်ငံကလည်း ပါဝင်လို့ ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာနေတာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG