သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-မြောက်ကိုရီးယား စစ်ရေး ပိုမိုနီးကပ်လာမှုကို ကန်-တရုတ်ဆွေးနွေး


မြောက်ကိုရီယားဆိုင်ရာ အမေရိကန် အကြီးတန်းအရာရှိ Jung Pak ဂျွန်းပတ်
မြောက်ကိုရီယားဆိုင်ရာ အမေရိကန် အကြီးတန်းအရာရှိ Jung Pak ဂျွန်းပတ်

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အရာရှိနဲ့ တရုတ်အရာရှိတို့ဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လာတာနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ထဲမှာပဲ ဗီဒီယိုနဲ့ ဖုံးခေါ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။

မြောက်ကိုရီယားဆိုင်ရာ အမေရိကန် အကြီးတန်းအရာရှိ Jung Pak ဂျွန်းပတ်ခ်နဲ့ ကိုရီးယား ကျွန်းဆွယ်ရေးရာ တရုတ်အရာရှိ လျူရှောင်မိန်းတို့ ၂ ဦးက မြောက်ကိုရီးယားရဲ့ အနေအထားဟာ မတည်မငြိမ် ပိုဖြစ်လာတာ တွေ့ရတယ်လို့ ပြောကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာနေတာဖြစ်ပြီး ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တားမြစ်ချက်တွေကို ချိုးဖေါက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ နျူကလီယား လက်နက်အစီစဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ မြောက်ကိုရီးယားနဲ့ ကာလတာရှည် ဆက်သွယ်ဆောင်ရွက်နေတဲ့ ရုရှားဟာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ကစပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု တိုးလုပ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရာမှာသုံးတဲ့ လက်နက်ခဲယမ်းတွေနဲ့ မစ်ဇိုင်းဒုံးတွေ ရုရှားကို မြောက်ကိုရီးယားက ပေးပို့နေတယ်လို့ အမေရိကန်က စွပ်စွဲပေမယ့် ရုရှားကရော မြောက်ကိုရီးယားကပါ မဟုတ်မှန်ကြောင်း ငြင်းခဲ့တာပါ။ ဒါပေမယ့် မနှစ်ကတော့ သူတို့ ၂ နိုင်ငံအနေနဲ့ စစ်ရေး ဆက်ဆံမှု ခိုင်မာအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အန်တိုနီဘလင်ကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြူးနစ် လုံခြုံရေးညီလာခံမှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဆက်သွယ်ပြောကြားရာမှာတာ့ မြောက်ကိုရီးယား ပြဿနာကို အဆင့်အားလုံးမှာ ဆက်ပြီး ဆက်သွယ်ဆောင်ရွက်ရေးဟာ အရေးပါကြောင်း အတည်ပြုခဲ့ကြတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG