ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့အတွက် ဆန့်ကျင်၊ လှုပ်ရှားနေကြတဲ့ ကိုရီးယားနိုင်ငံ သားတွေကို လေးစားကြောင်းနဲ့ သူတို့နဲ့ တသားတည်း ရပ်တည်ကြောင်း ကိုရီးယားရောက် မြန်မာတွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယား အခြေစိုက် အရပ်ဘက် မြန်မာအဖွဲ့အစည်း ၃၀ ကျော်က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သဘောထား စုပေါင်းထုတ်ပြန်လိုက်တာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခုလအစောပိုင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ ဒီမိုကရေစီစနစ် ပြိုလဲမသွားဖို့အတွက် တောင်ကိုရီးယားနိုင်ငံသားတွေ တောင်းဆို၊ လှုပ်ရှားနေပါတယ်။ တောင်ကိုရီး ယားနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်နိုင်ခဲ့ပြီး သမ္မတ နုတ်ထွက်ရေး အတွက်လည်း လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။ ကိုရီးယားရဲ့ ဒီမိုကရေစီဟာ သွေး၊ ချွေးနဲ့ ရင်းထားရလို့ အာရှမှာ ဒီမိုကရေစီအတွက် တန်ဖိုးကြီးတဲ့ စံနှုန်းကောင်း တခု၊ သင်္ကေတခု ဖြစ်တယ်လို့ ကိုရီးယားရောက် မြန်မာအဖွဲ့အစည်း ၃၀ ကျော်က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ကြတာပါ။
ဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုရီးယားပြည်သူတွေရဲ့ ရပ်တည်ချက်ကို ထောက်ခံပြသတာက အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌ ကိုဝင်းပေါ်မောင်က ပြောပါတယ်။
"ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ်က ကိုရီးယား ပြည်သူတွေကိုယ်တိုင် ခက်ခက်ခဲခဲနဲ့ တိုက်ပွဲဝင်ပြီး တော့ ရယူခဲ့ရတာပေါ့။ ဒီစနစ်အပေါ် သူတို့ အင်မတန်မှ မြတ်နိုးတယ်၊ ကာကွယ်ထိန်းသိမ်း ခဲ့ကြ တယ်ပေါ့။ ဆိုတော့ သူတို့နိုင်ငံရေးပါတီတွေ တဘက်နဲ့တဘက် တွန်းကြ၊ တိုက်ကြတာက တပိုင်းပေါ့ နော်။ ကိုရီးယားပြည်သူတွေက ဒီလို ဒီမိုကရေစီကိုခြိမ်းခြောက်တဲ့ဟာကို လုံးဝ လက်မခံနိုင်ဘူးဆိုပြီး သူတို့ လမ်းပေါ်ထွက်ပြီးတော့ကို ပြင်းပြင်းထန်ထန် တောင်းဆိုနေတယ်။ အခြား နည်းလမ်းပေါင်းစုံ နဲ့လည်း သူတို့ ဆောင်ရွက်နေကြတယ်ပေါ့။ ဒီအခြေအနေကို ကျနော်တို့က ကိုရီးယားပြည်သူတွေရဲ့ ဆန္ဒနဲ့ ကျနော်တို့တွေ ထပ်တူရှိပါတယ်ဆိုတာကို ကျနော်တို့ ထုတ်ပြတာပါ။"
စစ်အာဏာသိမ်းမှုကို အကြိမ်ကြိမ်ကြုံဖူးတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကိုရီးယားပြည်သူတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာကို သဘောထား ထုတ်ပြန်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ ပြသခဲ့ကြပါတယ်။ မြန်မာတွေရဲ့ ပါဝင်လှုပ်ရှားမှုတွေကိုလည်း ကိုရီးယားသတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြောင်း ကိုဝင်းပေါ်မောင်က ပြောပါတယ်။
"ကျနော်တို့သည်လည်းပဲ ဒီမိုကရေစီစနစ်ကို လိုလားလို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတယ်၊ ကြိုးပမ်းနေကြတယ်။ ဒီကြိုးပမ်းမှုအပေါ်မှာ ကိုရီးယားပြည်သူတွေက အင်မတန်မှ နွေးနွေးထွေးထွေးနဲ့ ကျနော်တို့ကို ထောက်ခံတယ်၊ အားပေးတယ်၊ ကိုယ်ချင်းစာတယ်။ ဒီဟာတွေက ကျနော်တို့က ခံစားရတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း ကိုရီးယားပြည်သူတွေ သူတို့ တုန်လှုပ်ဖွယ်ရာ ဖြစ်သွားတဲ့အပေါ်မှာ သူတို့ပြန်လည် ကြိုးစားနေကြတဲ့ အပေါ်မှာလည်း ကျနော်တို့ နားလည်စာနာမှု အပြည့်နဲ့ ဖော်ပြနေကြပါတယ်။ သူတို့လည်းအင်မတန်မှ အားတက်တယ်ပေါ့နော်။ သူတို့နဲ့အတူ အားလုံးရှိနေကြတယ်ဆိုတဲ့ ဟာကို ကျနော်တို့ အဓိက ဖော်ပြတာဖြစ်တယ်ပေါ့နော်။"
မြန်မာနိုင်ငံမှာတော့ ပြည်သူတရပ်လုံးက အာဏာသိမ်းမှုကို ဒီနေ့အထိ ဆန့်ကျင်နေတာကြောင့် စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို တိုးတိုးပြီး လုပ်လာပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ အပြစ်မဲ့ပြည်သူ ၆,၀၀၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့သလို လူပေါင်း ၃၀,၀၀၀ နီးပါးကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ နိုင်ငံရဲ့ လူဦးရေသုံပုံးတပုံလောက်က နေရပ်တွေကနေ ထွက်ပြေးပြီး တချို့လည်း နီးစပ်ရာ နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေကြရပါတယ်။