သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း အကျဉ်းထောင်တွင်း သေကြောင်းကြံစည်


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun အမေရိကန် ပြည်ထောင်စု ပန်တဂွန်စစ်ဌာနချုပ်ကို ရောက်စဥ် သတင်းစာရှင်းလင်းပွဲမှတ်တမ်းဓာတ်ပုံ။​(အောက်တိုဘာ ၃၀၊ ၂၀၂၄)
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun အမေရိကန် ပြည်ထောင်စု ပန်တဂွန်စစ်ဌာနချုပ်ကို ရောက်စဥ် သတင်းစာရှင်းလင်းပွဲမှတ်တမ်းဓာတ်ပုံ။​(အောက်တိုဘာ ၃၀၊ ၂၀၂၄)

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းဟာ ဒီကနေ့မှာ သေကြောင်းကြံစည်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun (ကင် ရုံဟန်) ဟာ ဆိုးလ်မြို့မှာ ထိန်းသိမ်းခံနေရစဥ် သေကြောင်းကြံခဲ့တာဖြစ်ကြောင်း ကိုရီးယား အကျဥ်းထောင်ဦးစီးဌာန အကြီးအကဲ Shin Yong Hae (ရှင် ရုံဟေး) က ဒီကနေ့မှာ လွှတ်တော်အမတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိန်းသိမ်း ရေးဌာနတခုအတွင်း သေကြောင်းကြံစည်ရာမှာ လုံခြုံရေးတွေက အချိန်မီတားဆီးနိုင်ခဲ့ပြီး ခုအခါ Kim ဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း Shin က ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက သမ္မတအမိန့်နဲ့ စစ်အုပ်ချုပ်ရေးချမှတ်ရာမှာ နိုင်ငံတော်ပုန်ကန်ထကြွမှု အတွင်း အရေးပါတဲ့အခန်းဂဏ္ဍကနေ ပါဝင်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ သူ့အပေါ် စွပ်စွဲပြီး ဆိုးလ် တရားရုံးက ဖမ်းဝရမ်းထုတ်ပေးပြီးနောက် ဒီကနေ့အစောပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဟောင်း Kim ကို ထိန်းသိမ်းဖမ်းဆီးလိုက်တာပါ။ ဒီကနေ့မှာပဲ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol (ယွန် စက်ခ် ရိုးလ်) ရဲ့ ရုံးခန်းကို ရဲတွေက ဝင်ရောက်စီးနင်းရာမှာလည်း သမ္မတရဲ့ လုံခြုံရေးတွေက တားဆီးခဲ့ကြကြောင်း တောင်ကိုရီးယား ရဲတွေက ပြောပါတယ်။ ဒီဇင်္ဘာ ၃ ရက်နေ့က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို နိုင်ငံခြားခရီးသွားလာခွင့် ပိတ်ပင်ထားပြီး အနီးကပ် ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာ စစ်ဆေးနေတာပါ။ ရဲတွေနဲ့ သမ္မတရုံးလုံခြုံရေးတွေကြား နာရီအတော်ကြာ ထိပ်တိုက် တွေ့ခဲ့ကြပြီးနောက် ရုံးတွင်းက အချက်အလက်တွေ ရှာဖွေသိမ်းဆည်းနိုင်ရေး ဆက်ပြီး ဆွေးနွေးနေကြတယ်လို့ ရဲတွေက ဒီညနေမှာ ပြောပါတယ်။

သမ္မတရုံး ဝန်ထမ်းတွေ၊ လုံခြုံရေးတွေအနေနဲ့ ရဲလုပ်ငန်းစဥ်ကို အနှောင့်အယှက်ပေးမယ်ဆိုရင် နိုင်ငံတော်အပေါ် ပုန်ကန်သူတွေအဖြစ် တရားဥပဒေကြောင်းအရ အပြစ်ပေးနိုင်ရေး ဆောင်ရွက်သွား မယ်လို့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက သတိပေးထားပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်ပေးနေတာကြောင့် နိုင်ငံတော်ကိုဆန့်ကျင်တဲ့ အုပ်စုကို ချေမှုန်းဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်လို့ အကြောင်းပြပြီး သမ္မတ Yoon Suk Yeol က ဒီဇင်ဘာ ၃ ရက်နေ့က တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG