စစ်အာဏာသိမ်းဖို့ ညွှန်ကြားခဲ့တဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို ရာထူးက တရားစွဲ ဖယ်ရှားဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေက အဆိုတင်သွင်းလိုက်ပါတယ်။ သမ္မတ Yoon Suk Yelo က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေဟာ လွှတ်တော်ကိုထိန်းချုပ်ထားပြီး နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်္ဘာ ၃ ရက် အင်္ဂါနေ့က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာပြီး နာရီပိုင်းအကြာမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက သမ္မတကို ရာထူးကဖယ်ရှားဖို့ ခုလို အဆို တင်သွင်းလိုက်တာပါ။
သမ္မတရဲ့လုပ်ရပ်ဟာ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း အကြီးမားဆုံး ချိုးဖေါက်တာဖြစ်တယ်ဆိုပြီးတော့လည်း အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ခုလို စစ်အုပ်ချုပ်ရေးချမှတ်တာဟာ ကြီးလေးတဲ့ ပုန်ကန်ဆန့်ကျင်မှုဖြစ်ပြီး သူ့ကို ရာထူးကဖယ်ရှားဖို့ အကောင်းဆုံးသက်သေ ဖေါ်ဆောင်လိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သမ္မတအနေနဲ့ ရာထူးကနုတ်ထွက်ဖို့နဲ့ မထွက်ဖူးဆိုရင်တော့ လူထုရဲ့ ဆန္ဒနဲ့အညီ တရားစွဲဖယ်ရှားဖို့ ချက်ချင်းဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဒီမိုကရက်တစ်ပါတီက တောင်းဆိုထားပါတယ်။ ဒီကနေ့မှာပဲ သမ္မတ Yoon Suk Yeol ရာထူးက ဆင်းပေးဖို့ မြို့တော် ဆိုးလ်က လွှတ်တော်ရှေ့မှာ ထောင်နဲ့ချီဆန္ဒပြတောင်းဆိုနေကြတာပါ။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Yong-hyun ကလည်း ဒီကနေ့ ဒီဇင်္ဘာ ၄ ရက်နေ့မှာ ရာထူးနုတ်ထွက်စာကို သမ္မတဆီတင်သွင်းခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးချမှတ်ခဲ့တာနဲ့ပတ်သက်လို့ လူထုအနေနဲ့ စိုးရိမ်တွေဝေမှုတွေဖြစ်ပေါ်စေခဲ့တာကြောင့် သူ့အနေနဲ့ အလွန် နောင်တရခဲ့သလို ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အပြည့်အဝ တာဝန်ယူသွားပါမယ်လို့လည်း ဝန်ကြီး Kim Yong-hyun က ပြောပါတယ်။
Your browser doesn’t support HTML5