တောင်ကိုးရီးယားသမ္မတ Yoon Suk Yeol ရဲ့ ၆ နာရီသာကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကို စစ်ဆေးဖို့ သက်သေအထောက်အထားတွေရနိုင်အောင် သမ္မတရုံးကိုဝင်ရှာဖို့ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက ထပ်မံကြိုးပမ်းခဲ့ကြောင်းYonhap (ယွန်ဟတ်) သတင်းဌာနက ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့အတွက် သမ္မတ Yoon ကို စနေနေ့က လွှတ်တော်မှာ တရားစွဲဆို ဖြုတ်ချခဲ့ပြီး သမ္မတအာဏာကနေ ယာယီ ရပ်ဆိုင်းထားတာပါ။ ရဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရုံးအဖွဲ့က အရာရှိကြီးတွေကိုစစ်ဆေးတဲ့ ပူးပေါင်းအဖွဲ့ဟာ သမ္မတရုံးလုံခြုံရေးအဖွဲ့အသုံးပြုတဲ့ ကွန်ပျူတာဆာဗာက ဖုန်းမှတ်တမ်းအချက်အလက်တွေကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အထူးသဖြင့် ရဲကော်မရှင်နာမင်းကြီး အသုံးပြုခဲ့တဲ့ဖုန်းမှတ်တမ်းကို လိုချင်တာဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ကို ကိုးကားပြီး Yonhap ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။
အခုလို သမ္မတရုံးကို ဝင်ရှာဖို့ ကြိုးပမ်းတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ တုန်းကလည်း အခုလို ကြိုးပမ်းခဲ့ပြီး ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း သမ္မတရုံးက အချက်အလက် တချို့ကိုတော့ ပူးပေါင်းအဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ သမ္မတရုံးက မှတ်ချက်မပေးသေးသလို စုံစမ်းစစ်ဆေးရေးပူးပေါင်းအဖွဲ့ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။
Your browser doesn’t support HTML5