ကန်နဲ့မြောက်ကိုရီးယား ပြန်လည်ဆွေးနွေးဖို့ တောင်ကိုရီးယား တောင်းဆို

ဇွန်လ ၃၀ ရက်နေ့တုန်းက မြောက်ကိုရီးယားခေါင်းဆောင်နှင့် ကန်သမ္မတ တွေ့ဆုံစဉ်

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေး ရေရှည်တည်မြဲ နိုင်ဖို့အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား အလုပ်သဘော ဆွေးနွေးမှုတွေ အမြန်ဆုံး ပြန်လည် စတင်ဖို့ တောင်ကိုရီးယားဝန်ကြီးချုပ် Lee Nak-yon က ကြာသပတေးနေ့က ပန်ကြားလိုက်ပါတယ်။

တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၅ ခုနဲ့ နိုင်ငံပေါင်း ၅၀ လောက်က စစ်ဘက်အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေ တက်ရောက်လာတဲ့ SDD - Seoul Defense Dialogue ဒေသတွင်းလုံခြုံရေးဆိုင်ရာ ၈ ကြိမ်မြောက်ညီလာခံ အဖွင့်မိန့်ခွန်း မှာ ဝန်ကြီးချုပ် Lee က အခုလိုပြောကြားခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်ငြိမ်ရေးဟာ မြောက်ကိုရီးယားနဲ့ အမေရိကန် တို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုပေါ် မူတည်နေတာကြောင့် ဆွေးနွေးမှုတွေ အမြန်ပြန်စ စေလိုကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီယားကင်းရှင်းရေးအတွက် နည်းလမ်းရှာဖို့ မနှစ်ကစပြီး ကိုရီးယား ၂ နိုင်ငံနဲ့ အမေရိကန်တို့ ကြိုးပမ်းခဲ့ကြောင်း ဒါပေမယ့် အခုထိ သိသာထင်ရှားတဲ့ ရလဒ် တစုံတရာ မရသေးတဲ့အတွက် ဒီဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးဖို့ ၃ နိုင်ငံစလုံးက နည်းလမ်းရှာနေဆဲ လို့လည်း ပြောပါတယ်။

ဇွန်လနှောင်းပိုင်းတုန်းက ကိုရီးယား ၂နိုင်ငံကြား Panmunjom နယ်စပ်မြို့ကလေးမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့ တွေ့ဆုံတုန်းက ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီယားကင်းရှင်းရေးအတွက် အလုပ်သဘော ဆွေးနွေးမှုတွေ ပြန်စဖို့ သဘောတူခဲ့ကြတာပါ။

Your browser doesn’t support HTML5

ကန်နဲ့မြောက်ကိုရီးယား ပြန်လည်ဆွေးနွေးဖို့ တောင်ကိုရီးယား တောင်းဆို