တောင်ကိုရီးယားပြည်တွင်းမှာ COVID-19 ကူးစက်သူအသစ် မတွေ့ရှိကြောင်း ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံ Yeouido မြို့က Han မြစ်ဘေးနားမှာ လမ်းလျှောက်နေကြသူတချို့ (ဧပြီ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု အထွဋ်အထိပ်ကိုရောက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ထဲကဆိုရင် ဒီနေ့ဓါတ်ခွဲစမ်းသပ်မှုရလဒ်တွေအရ (ပြည်တွင်း) ကူးစက်သူ အသစ်တယောက်မှထပ်မတွေ့ရဘူးလို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန KCDC ကပြောပါတယ်။

ဒီနေ့ ရောဂါပိုးကူးစက်နေတယ်လို့ အတည်ပြုသူ ၄ ယောက်ဟာ လေဆိပ်ကနေ သီးခြားခွဲစောင့်ကြည့်ခံရသူတွေထဲက ဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ ရောဂါပိုးကူးစက်သူ တယောက်မှ မရှိပါဘူးလို့ KCDC ဌာနတာဝန်ရှိသူ ယွန်းတေးဟိုက ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

SEE ALSO: တောင်ကိုရီးယားက COVID-19 တိုက်ဖျက်ရေးလုပ်ငန်းမှာ မြန်မာတွေလည်းပါဝင်

ဒီလထဲကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲအတွင်း ရောဂါပိုးကူးစက်ခဲ့ပုံမရဘူးလို့လည်း ပြောကြားသွားပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ၂၉သန်းလောက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဒီကနေ့ စတင်တဲ့ Golden Week ရက်ရှည် ရုံးပိတ်ရက်အတွက် ကိုရီးယားက အဓိက လေဆိပ်တွေမှာ ခရီးသွားသူတွေနဲ့ စည်ကားနေပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေ ရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအများအပြား ခရီးသွားလာနေကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တောင်ကိုရီးယားပြည်တွင်းမှာ COVID-19 ကူးစက်သူအသစ် မတွေ့ရှိကြောင်း ထုတ်ပြန်

[Unicode Version]



SEE ALSO: ကိုရီးယားမှာ စီးပွားနာလန်ပြန်ထူဖို့ လူထုကို အစိုးရကူညီမည်


