ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စုံစမ်းဖို့ စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာ အစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ပါတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့ မနေ့ အင်္ဂါနေ့က ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတဲ့အပေါ် တုံ့ပြန်ပြောဆိုကြတာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini နဲ့ မေလ (၂) ရက်နေ့က တွေ့ဆုံပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။
အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းကို စေလွှတ်မယ့် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက သဘောမတူတဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အပါအဝင် အခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ နိုင်ငံတကာ စုံစမ်းစစ်ရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ အစိုးရအတွက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။
“ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့နည်လမ်းလို့ Burma Campaign UK နဲ့ အခြား လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြတ်ပြတ်သားသားပဲ မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း သူတို့မှာ ရခိုင်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းထားကြောင်း အမြဲပဲ တုန့်ပြန်ပြောဆိုလေ့ရှိပါတယ်။ ”
ဒါပေမယ့်လည်း မြန်မာအစိုးရရဲ့ ရခိုင်ကော်မရှင်အပါအဝင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်နဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်အသီးသီးနဲ့ တာဝန်အသီးသီး ကွဲပြားမှုတွေရှိကြောင်း Mark Farmaner ကပြောပါတယ်။
ဒါကြောင့် ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရှိနေပြီဖြစ်တဲ့အတွက် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ အချက်ဟာ အထင်အမြင် လွဲမှားစေကြောင်း Mark Farmaner ကပြောပါတယ်။
“ နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ စတင်ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို စုံစမ်းမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ကတော့ ကျယ်ပြန့်ပြီး နှစ်ဘက် လူမှုအသိုင်းအဝိုင်း ဖွံဖြိုးတိုးတက်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အချက်အလက်တွေကို အကြံပြု တင်ပြမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။နောက်ပြီး အပြစ်ကျူးလွန်မှုတွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီအတွက် ဘာတွေ လုပ်ရမလဲဆိုတာတွေကို ပြောဆိုဖို့ ခွင့် မပြုထားပါဘူး။ ”
ဥရောပသမဂ္ဂကရော ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေကို လက်ခံနားထောင်နိုင်မယ့် အလားအလားရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့-
“ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ရင် ဥရောပသမဂ္ဂက သူရဲ့ ထုံးတမ်း စဉ်လာအတိုင်း သဘောထား ပျော့ပြောင်းလေ့ ရှိပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုလည်း အပြည့်အ၀ ထောက်ခံထားတာပါ။ ဒါကြောင့်လည်း စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စမှာ သဘောထား ကွဲလွဲပေမဲ့ ဘာမှတော့ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး။”
ဂျာမနီအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးနွယ်အောင်ကတော့ ဥရောပနိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေကို လက်ခံ စဉ်းစား နိုင်လိမ့်မယ်လို့ မြင်ကြောင်း အခုလို ပြောပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာကတော့ တော်တော်လေးကို ထောက်ခံအားပေးတဲ့ ကိစ္စမျိုးတွေ Political Dialogue Partner အနေနဲ့ကိုတောင်မှ သူတို့က သတ်မှတ်ထားတာလို ဖြစ်တာကိုး မြန်မာနိုင်ငံကို။ မကြာသေးခင်ကဘဲ ဦးကိုနီ ကိစ္စမှာလည်းဘဲ သူတို့ EU ကနေပြီးတော့ Human Award တွေ ဘာတွေ ပေးတာတွေ ဘာတွေ လုပ်ခဲ့တာတွေ ရှိခဲ့တယ်လေ။ နောက်ပြီးတော့ မြန်မာပြည် ကိစ္စမှာ ဆိုလို့ရှိရင်လည်းဘဲ သူတို့က Election စောင့်ကြည့်ရေး မှာလည်း EU အနေနဲ့ တော်တော်လေးဘဲ ထဲထဲဝင်ဝင် ပါဝင်ပြီး လုပ်ခဲ့တာတွေ ရှိခဲ့တော့ ကျနော့် အထင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အခု ရောက်လာပြီးတော့ ဒီ UN က စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့တွေ ဘာတွေ အတွက် ပြောဆိုခဲ့တာတွေကတော့ သူပြောတဲ့ဟာတွေက ထိရောက်လိမ့်မယ်လို့ EU ခေါင်းဆောင်တွေက စဉ်းစားလိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံကနေ ဒီကနေ့ အီတလီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီကနေမှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး Freedom of the City of London ဆိုတဲ့ ဂုဏ်ထူးဆောင် ဆုကို လက်ခံ ရယူမှာဖြစ်ပါတယ်။ သူရဲ့ ဗြိတိန်ခရီးစဉ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆန္ဒပြဖို့ အစီအစဉ် ရှိကြောင်းလည်း Mark Famaner က ဗွီအိုအေကိုပြောပါတယ်။
Your browser doesn’t support HTML5