သမ္မတ Bashar al-Assad ဖြုတ်ချခံရပြီးနောက် ဆီးရီးယားအတွက် အရေးပါဆုံး စမ်းသပ်မယ့် ကိစ္စကတော့ အဖွဲ့အစည်းနဲ့ နိုင်ငံရေးအသွင်ကူပြောင်းမှုကို အကောင်အထည်ဖေါ်တဲ့အခြေအနေ ဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pederson (ဂီရာ ပီဒါဆန်) က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
မြို့တော်ဒမတ်စကတ်ကို သိမ်းယူခဲ့ကြသူတွေအနေနဲ့ ဆီးရီးယားလူ့အဖွဲ့အစည်းတွေကို ကိုယ်စားပြု နိုင်တဲ့ ယုံကြည်ရလောက်တဲ့ အသွင်ကူးပြောင်းရေးအစီအစဥ်တွေလိုအပ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ သတင်းထောက်တွေရဲ့အမေးကို Pederson က ဖြေဆိုခဲ့တာပါ။
ဒီအစီအစဥ်ကသာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းရေးနဲ့ ဒုက္ခသည်တွေ ပြန်လာရေး နည်းလမ်းတွေကိုရှင်းလင်းနိုင်မှာဖြစ်ပြီး တကယ်လို့ မအောင်မမြင်ဖြစ်ခဲ့မယ်ဆိုရင် ဆီးရီးယားမှာ ပဋိပက္ခအသစ်ဖြစ်ဖို့ အန္တရာယ်ရှိလာမယ်လို့လည်း သူက ဆိုပါတယ်။ ဆီးရီးယားမှာ အပြောင်းအလဲ ဖြစ်ဖို့ ဆီးရီးယားပြည်သူတွေလက်ထဲမှာအခွင့်အရေးတွေရှိနေပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုတွေ လိုအပ်ကြောင်းလည်း Pederson က ပြောပါတယ်။
ဒီအတောအတွင်း ဆီးရီးယားပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဖြုတ်ချခံ သမ္မတ Bashar al-Assad ရဲ့ အစိုးရအဖွဲ့၀င်အကြီးတန်းအရာရှိတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန် မယ်လို့ Abu Mohammad al-Golani (အယ်လ် ဂိုလာနီ) လို့ လူသိများတဲ့ ဆီးရီးယားသူပုန်တပ်မှူး Ahmad al-Sharaa (အာမတ် အယ်လ်ရှရာ) က ဒီကနေ့ ကတိပြုလိုက်ပါတယ်။
စစ်ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကြီးတန်းစစ်တပ်နဲ့ လုံခြုံရေးအရာရှိတွေရဲ့ သတင်းပေး နိုင်သူတွေကိုဆုကြေးပေးသွားမှာဖြစ်တယ်လို့ Golani ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5