ပြင်သစ်နဲ့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတို့ ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာ ယာယီအစိုးရ ခေါင်းဆောင် Ahmad al-Sharaa နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတဟောင်း Bashar Assad အစိုးရပြုတ်ကျပြီးတဲ့နောက် အနောက်နိုင်ငံတွေထဲက အဆင့်မြင့်တာဝန်ရှိသူတွေ ဆီးရီးယားကို ပထမဆုံးသွားပြီး ကြားကာလအစိုးရခေါင်းဆောင်လည်းဖြစ် HTS သူပုန်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူနဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။
သမ္မတအိမ်တော်မှာ Ahmad al-Sharaa ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဥရောပနဲ့ ဆီးရီးယားကြား နိုင်ငံရေးစာမျက်နှာသစ်စဖွင့်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ပြသတဲ့ခရီးစဉ်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကပြောကြားပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ကလည်း ပြင်သစ်နိုင်ငံအနေနဲ့ ဆီရီးယားပြည်သူတွေနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမြန်ဆုံး အသွင်ကူးပြောင်းရေးဖြစ်ဖို့ လိုလားတယ် လို့ X လူမှုကွန်ယက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာရှင် Assad အစိုးရ ပြုတ်ကျပြီးတဲ့နောက် အာရပ်နဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားနဲ့ သံတမန် ဆက်ဆံရေးပြန်စဖို့ ကြိုးပမ်းလာကြပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေဘက်က Assad အစိုးရ လက်ထက်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေရော HTS အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကိုပါ ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးပါဘူး။ HTS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဖြစ် Ahmad al-Sharaa ကိုဖမ်းနိုင်ဖို့ ဆုကြေး ဒေါ်လာ ၁၀ သန်း ထုတ်ပြန်ထားတာကိုတော အမေရိကန်က ရုပ်သိမ်းပေးခဲ့ပါတယ်။
Your browser doesn’t support HTML5