ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ပြင်သစ်က အင်္ဂါနေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး sebastien Lecornu က X လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပေမဲ့ ဆီးရီးယား နိုင်ငံတွင်းက ဘယ်နေရာတွေမှာ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုမထားပါဘူး။
ဆီးရီးယား သမ္မတ Bashar al-Assad ကို သူပုန်တို့ ရာထူးက ဖယ်ရှားပြီးချိန်ကစလို့ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ္မစ် စစ်သွေးကြွ IS တွေကို သီတင်းပတ်တွေနဲ့ချီပြီး အမေရိကန်တို့က အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်တို့ကလည်း တိုက်ခိုက်လာတာပါ။ အစ္စလာမ္မစ် စစ်သွေးကြွ IS တို့က ၂၀၁၄ ခုနှစ် အတွင်း ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း နဲ့ အီရတ်နိုင်ငံ အနောက်ပိုင်းက ဒေသတွေ အများအပြားကို ထိန်းချုပ်ခဲ့ပြီးနောက်မှာတော့ ဒီအဖွဲ့ကို ချေမှုန်းရေး ရည်ရွယ်တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ အပါအဝင် နိုင်ငံတကာရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။
IS စစ်သွေးကြွ အဖွဲ့ အနေနဲ့ သူတို့ ထိန်းချုပ် နယ်မြေ အများအပြားကို စွန့်လွှတ်ခဲ့ရပေမဲ့ ဆီးရီးယား နိုင်ငံတွင်းမှာတော့ ဆက်ပြီး ရှိနေတာပါ။ အာဆဒ် အစိုးရ ပြုတ်ချပြီးနောက်ပိုင်း ဆီးရီးယား နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အနာဂတ်အရေး မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အာဆဒ် အစိုးရကို ဖြုတ်ချခဲ့တဲ့ သူပုန်တွေကတော့ သူပုန် အဖွဲ့အစည်း အားလုံးကို ဖျက်သိမ်းပြီး ဆီးရီးယား စစ်တပ်အောက်မှာ စုစည်းမယ်လို့ ကြေညာထားပါတယ်။
Forum