ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ တူရကီနိုင်ငံရဲ့ သမ္မတ Recep Tayyip Erdogan က ဆီးရီးယား မြောက်ပိုင်း ပြဿနာအကြောင်း ဆွေးနွေးဖို့ ရုရှားနိုင်ငံကိုရောက်ရှိနေပြီး သမ္မတ Vladimir Putin နဲ့ တွေ့ဆုံခဲ့ပါတယ်။
လောလောဆယ် အမေရိကန်နဲ့ သဘောတူညီမှုရယူထားတဲ့ အပစ်အခတ်ရပ်စဲရေး မကြာခင်နာရီပိုင်းအတွင်း ပျက်ပြယ်သွားတဲ့အခါမှာ သူတို့ရဲ့ Peace Spring ငြိမ်းချမ်းရေးနွေဦး ဆိုတဲ့ စစ်ဆင်ရေးကို ပြန်စတင်ပြီး ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ထုတ်မယ်လို့ မစ္စတာ အာဒိုဝမ်က ဒီကနေ့ပဲ ပြောထားတာပါ။
ရုရှားနဲ့ နှစ်နိုင်ငံအရေး ဆွေးနွေးမှုတွေ ပြုလုပ်ရအောင် မစ္စတာ အာဒိုဝမ် ဟာ ဒီကနေ့ပဲ ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ ဆိုချီ ကို ရောက်ရှိသွားတာဖြစ်ပါတယ်။
ဒေသတွင်း တူရကီရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး မစ္စတာ ပူတင်က ပိုပြီးသိချင်တယ်လို့ သူတို့နှစ်ဦး ဆွေးနွေးပွဲမတိုင်မီမှာပဲ ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov က ပြောပါတယ်။ ဆီးရီးယားနယ်စပ် တူရကီတပ်ဖွဲ့ ချထားဖို့အတွက်ဆိုရင် ဆီးရီးယားအစိုးရရဲ့ ခွင့်ပြုချက်ရဖို့လိုပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ တူရကီနဲ့ ဆီးရီးယားအစိုးရ ဆွေးနွေးညှိနှိုင်းကြဖို့ ရုရှားဘက်က မျှော်လင့်တယ် ဆိုတာမျိုး မစ္စတာ Peskov က ပြောသွားပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ အစည်းအဝေး အတွင်းမှာလည်း တူရကီနဲ့ဆီးရီးယား ဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်ဆိုတာကို သူတို့အလေးပေးပြောသွားခဲ့ပါတယ်။ အခုဖြစ်နေတဲ့ စစ်ရေးပဋိပက္ခမှာ နယ်စပ်ကနေ Kurds YPG တပ်ဖွဲ့တွေ ဆုပ်ခွာနိုင်အောင် တူရကီက နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတွေကို ၅ ရက် ရပ်ဆိုင်းထားဖို့ သဘောတူထားတာ ဒီနေ့ အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ည ၇ နာရီမှာ သက်တမ်းကုန်ဆုံးမှ ဖြစ်ပါတယ်။
Kurds တွေရဲ့ YPG တပ်ဖွဲ့တွေ ဘေးကင်းရှင်းရေးနယ်မြေ သတ်မှတ်ချင်တဲ့ Syria အရှေ့မြောက်ပိုင်းနယ်စပ်တလျှောက် နယ်မြေကနေ ထွက်ခွာရမယ်လို့ တူရကီက ပြောပါတယ်။
[Unicode Version]
Your browser doesn’t support HTML5