ဆီးရီးယား မြောက်ပိုင်းအရေး ကုလလုံခြုံရေးကောင်စီစည်းဝေးမည်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တူရကီစစ်တပ်ရဲ့ ထိုးစစ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ ကာဒ်တပ်ဖွဲ့တွေကတော့ လူမျိုးတုန်းအောင် ရှင်းလင်းခံရမယ့် အဖြစ်ကနေ ကယ်တင်ဖို့ အကူအညီ တောင်းခံထားတာပါ။

တူရကီအစိုးရက အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတဲ့ ကာဒ်တပ်ဖွဲ့တွေအပေါ် အချိန်ယူ ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးတွေကိုတော့ မနေ့တုန်းကပဲ တူရကီစစ်တပ်က စတင်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနောက်နိုင်ငံ အများစုကတော့ ကာဒ်တပ်ဖွဲ့တွေဟာ IS အစွန်းရောက်တွေကို ချေမှုန်းရာမှာ အဓိကမဟာမိတ်အဖြစ် လက်ခံထားကြတာပါ။

တူရကီစစ်တပ်ရဲ့ စစ်ဆင်ရေးကိုတော့ လေကြောင်းထိုးစစ်တွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ခြေလျင်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။

တူရကီ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ဆင်ရေးတွေကို အောင်အောင်မြင်မြင် ဆက်လက် ဆင်နွှဲနေကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ တူရကီသမ္မတ Recep Tayyip Erdogan ကတော့ အကြမ်းဖက်သမား ၁၀၉ ယောက်ကို သုတ်သင်ခဲ့ကြောင်း ကာဒ်တပ်ဖွဲ့ဝင်တွေကို ရည်ညွှန်းပြီး ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ကာဒ်တပ်ဖွဲ့တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ကတော့ Tal Halaf ဒေသမှာ တူရကီ တပ်တွေရဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရပြီး Ras al-Ain ဒေသ တောင်ပိုင်းမှာတော့ IS အစွန်းရောက်အုပ်စုက အဖွဲ့တဖွဲ့နဲ့ တိုက်ခိုက်နေရကြောင်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ တူရကီသံအမတ်ကြီး Feridun Sinirlioglu က လုံခြုံရေးကောင်စီကို ပေးပို့တဲ့ စာထဲမှာ စစ်ဆင်ရေးတွေဟာ အကြမ်းဖက်သမားတွေနဲ့ ခိုအောင်းရာနေရာတွေ၊ ခြေကုပ်ယူထားတဲ့ စခန်းတွေ၊ လက်နက်တွေ၊ မော်တော်ယာဉ်တွေနဲ့ ပစ္စည်းကရိယာတွေကိုသာ ပစ်မှတ်ထားမှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့လည်း Reuters သတင်းက ဖော်ပြထားပါတယ်။

တူရကီကာကွယ်ရေး ဝန်ကြီးကလည်း စစ်ဆင်ရေးတွေဟာ တိုင်းပြည်ကို ကာကွယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်နေကြောင်း ပြောဆိုထားပါတယ်။

[Unicode Version]







Your browser doesn’t support HTML5

ဆီးရီးယား မြောက်ပိုင်းအရေး ကုလလုံခြုံရေးကောင်စီစည်းဝေးမည်