ဆီးရီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအစီအစဉ်ကို ဆီးရီးယားနိုင်ငံသားတွေကပဲ ဦးဆောင်သင့် ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးက ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယား အာဏာရှင် Bashar al-Assad ကို ဖြုတ်ချလိုက်တဲ့ သူပုန်အဖွဲ့ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအသွင်ကူးပြောင်းရေးအစီအစဉ်ဟာ ၂၀၁၅ ခုနှစ်မှာ ဆီးရီးယားအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ “ယုံကြည်စိတ်ချရမှု၊ အားလုံး ပါဝင်နိုင်မှုနဲ့ လူမျိုး ဘာသာခွဲခြားမှုမရှိစေရ” - ဆိုတဲ့ အချက်တွေနဲ့အညီ ၆ လအတွင်း အကောင်အထည်ဖော်ဖို့လိုအပ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အမြန်ဆုံးရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပပေးဖို့လိုအပ်ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pederson ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီးရီးယား သူပုန်အဖွဲ့ခေါင်းဆောင် Ahmad al-Sharaa နဲ့ တွေ့ဆုံခဲ့တဲ့ Pederson ကတော့ ဆီးရီးယား ပြည်သူတွေအတွက် ကုလသမဂ္ဂအနေနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီအောင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင် ချမှတ်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူတို့ဘက်က တင်ပြဆွေးနွေးခဲ့ကြောင်း သူပုန်အဖွဲ့ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar Assad ပြုတ်ကျသွားပြီးနောက် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့ Geir Pederson က မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5