ထိုင်ဝမ်ရေလက်ကြား တရုတ်စစ်ရေးလေ့ကျင့်မှု ကန်စိုးရိမ်

ထိုင်ဝမ်ရေလက်ကြားအတွင်း စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ရေတပ်။

ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်ကျွန်းအနီးတဝိုက် တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် အထူး တိုက်တွန်းကြောင်း ပြောပါတယ်။

" ပုံမှန်လုပ်ရိုးလုပ်စဉ်နဲ့ ဒီမိုအသွင်ကူးပြောင်းမှုကို အကြောင်းပြပြီး စစ်ရေးရန်စတာဟာ အန္တရာယ် တိုးမြင့်စေမှာ ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေတယ်" လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗုံးကြဲလေယာဉ်တွေ၊ ကမ်းတက်ရေယာဉ်တွေပါ ပါဝင်ခဲ့တဲ့ သောကြာနေ့က ပြီးဆုံးခဲ့တဲ့ တရုတ်ရဲ့ နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တုန်းကထက် ပိုပြီး ထိုင်ဝမ်ကျွန်းအနီး ရောက်ခဲ့ပြီး ဒါဟာ “ဗြောင်ကျကျ ရန်စမှု” ဖြစ်တယ်လို့ ထိုင်ဝမ်ကလည်း စနေနေ့က ရှုတ်ချထားပါတယ်။


ရွေးကောက်ခံ ထိုင်ဝမ်သမ္မတသစ် လိုင့်ချင်းတေး (Lai Ching-te) ရဲ့ တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားမိန့်ခွန်းမှာ ပြောဆိုချက်တွေကို အပြစ်ပေးတဲ့ အနေနဲ့ အခုလို စစ်ရေးလေ့ကျင့်တာလို့ တရုတ် အစိုးရက ထုတ်ပြန်ပါတယ်။ မိန့်ခွန်းထဲမှာ လိုင့်ချင်းတေးက ထိုင်ဝမ်ရေလက်ကြား တဘက်တချက်က နှစ်နိုင်ငံဟာ “ဘယ်သူကမှ လက်အောက်ခံ နိုင်ငံတွေ မဟုတ်ဘူး” လို့ ပြောဆိုခဲ့တာပါ။ ဒါဟာ ထိုင်ဝမ်ကို ပိုက်နက် တစိတ်တပိုင်း အဖြစ် ရှုမြင်ထားတဲ့ တရုတ်ကို ဒေါသထွက်စေပြီး လိုင့်ချင်းတေးကို ထိုင်ဝမ် လွတ်လပ်‌ရေး လိုလားသူ “ခွဲထွက်ရေးသမား” အဖြစ် တရုတ်နိုင်ငံက ပြစ်တင်ခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ စစ်လေယာဉ် ၁၁၁ စင်းနဲ့ ရေတပ်သင်္ဘော ၄၆ စင်း ကို ထိုင်ဝမ်ကျွန်းတဝိုက် ဖြန့်ကျက်ပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာပါ။ "Joint Sword - 2024A” လို့ အမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ တရုတ်စစ်လေယာဉ် ၈၂ စင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အလယ်ဗဟိုမျဉ်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက တချို့ဟာ ထိုင်ဝမ် ပိုက်နက်နဲ့ ဆက်စပ် ဇုန် ပိုက်နက်အဖြစ် သတ်မှတ်တဲ့ ရေမိုင် ၂၄ မိုင်မျဉ်းနဲ့ အလွန်နီးကပ်တဲ့ အထိ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ ထိုင်ဝမ်က ဝေဖန်ခဲ့ပေမယ့် တရုတ်အစိုးရကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ "လုံးဝတရားဝင်ပြီး လိုအပ်လို့ လုပ်ဆောင်တာ" လို့ တုံ့ပြန်ထားပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ဝန်းရံပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လနောက်ပိုင်း တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်ဝမ်ရေလက်ကြား တရုတ်စစ်ရေးလေ့ကျင့်မှု ကန်စိုးရိမ်