တရုတ်ကို မမှီခိုရေး ထိုင်ဝမ်ရဲ့ အရှေ့တောင်အာရှမူဝါဒ

ထိုင်ဝမ်သမ္မတ Tsai Ing-we

ထိုင်ဝမ်ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပြုလိုက်သလို သူ့ရဲ့တောင်ဘက်ခြမ်းမှာတခွင်မှာရှိတဲ့ တိုင်းပြည်တွေမှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ရုံးတွေဖွင့်လှစ်နေပြီး အဲဒီလို နောက်ဆုံးလှမ်းလိုက်တဲ့ ခြေလှမ်းက သူနဲ့ နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စီးပွားဆက်ဆံရေး ချိန်ခွင်လျှာ ညှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ VOA သတင်းထောက် Ralph Jennings ရဲ့ သတင်းလွှာကို ဦးစံမိုေ၀ က ပြောပြ ပါလိမ့်မယ်။

အခုကြိုးပမ်းချက်က တောင်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပြင် သြစတေးလျှနဲ့ နယူးဇီလန် နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံနဲ့ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ အဆင့်မြင့် ပညာရေးကိစ္စတွေ ဆက်စပ် လုပ်ကိုင်နိုင်အောင် အားပေးနိုင်လိမ့်မယ်လို့ ထိုင်ဝမ် အစိုးရ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။

ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေး ထူထောင်နိုင်မယ်ဆိုရင် အခုအချိန်မှာ ထိုင်ဝမ်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံရေးအရ ကွဲလွဲမှုတွေရှိနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို လျှော့ချနိုင်မယ့် နည်းလမ်းဖြစ်ပါလိမ့်မယ်။

ထိုင်ဝမ်ရဲ့ အခုနောက်ဆုံး ကြိုးပမ်းမှုကို တောင်ဖက်ကိုဦးတည်တဲ့ မူဝါဒသစ်လို့ ခေါ်ပြီး စမ်းသတ်ကာလဖြစ်တဲ့ ရှေ့လကနေ လာမယ့်နှစ် ဇူလိုင်လကုန် အတွင်း ဖိလစ်ပိုင်နိုင်ငံသားတွေဟာ ပြည်ဝင်ခွင့် ဗီဇာမလိုပဲ ထိုင်ဝမ်ကို ၁၄ ရက်ကြာ လည်ပတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ ဘရုနိုင်းနဲ့ ထိုင်းနိုင်ငံသားတွေအပေါ်ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၁၆ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ပါတယ်။

ဒီလိုကြိုးပမ်းလုပ်ဆောင်မှုတွေကြောင့် ရင်းနှီး မြှုပ်နှံမှု ရုံးသစ်တွေ ဖွင့်လှစ်နိုင်ခဲ့သလို၊ ထိုင်ဝမ်မှပညာသင်တဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားအရေတွက်တိုးများလာခဲ့ပြီး ထိုင်ဝမ်ဖွံ့ဖြိုးမှု အထောက်အကူတွေ ပိုများလာခဲ့ပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်းအင်ဝမ်က အခုလစောစာပိုင်း အမျိုးသားနေ့ မိန့်ခွန်းပြောဆိုရာမှာ

"တောင်ဖက်ကို ဦးတည်တဲ့ မူဝါဒသစ်ရဲ့ ရည်ရွယ်ချက် က ကျမတို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ တပမ်းသာမှု ရရှိစေဖို့ ဖြစ်ပါတယ်။ အခုလိုအခွင့်အရေး ရရှိချိန်မှာ ကမ္ဘာအနှံ့က မိတ်ဆွေတွေကို ပြောလိုတာကတော့ အလျှင်အမြန်ပြောင်းလဲနေတဲ့ အာရှပစိဖိတ် ဒေသကို ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။ ထိုင်ဝမ်ဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ အေးချမ်းသာယာ ဝပြောရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ " လို့ ပြောခဲ့ပါတယ်။

ဆိုင်း ဟာ ၂၀၁၆ ခုနှစ် မေလ အတွင်း ထိုင်ဝမ်သမ္မတ တာဝန်ယူခဲ့ပြီးတဲ့နောက် ၅၉၂ ဘီလီယံ ရှိတဲ့ ထိုင်ဝမ်ရဲ့ စီးပွားရေးနဲ့ လိုက်လျှော ညီထွေဖြစ်အောင် တောင်ဖက်ကို ဦးတည်တဲ့ မူဝါဒသစ် ကိုကြေညာ ခဲ့တာဖြစ်ပါတယ်။

ထုံးတမ်းအစဉ်အလာအရ ထိုင်ဝမ်စီးပွားရေးသမားတွေဟာ ရင်းနှီး မြှုပ်နှံမှုလုပ်ဖို့အတွက် တရုတ်နိုင်ငံကိုပဲရွေးချယ် ကြလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ယဉ်ကျေးမှုချင်း ဆက်စပ်သလို ဈေးပေါတဲ့ ကျွမ်းကျင် အလုပ်သမားတွေအများအပြားရှိတဲ့အတွက် ဖြစ်ပါတယ်။

၁၉၈၈ ခုနဲ့ ၂၀၁၆ နှစ်တွေအတွင်း ထိုင်ဝမ်စီးပွားရေး လုပ်ငန်းပေါင်း ၉ သောင်း ၃ ထောင်ကျော်ဟာ တရုတ်နိုင်ငံမှာ ရင်းနှီး မြှုပ်နှံ ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားဆက်ဆံရေး ကောင်စီ က ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ဟာ ကိုပိုင်ဒီမိုကရေစီ ကျင့်သုံးတဲ့ ကျွန်းဖြစ်လင့်ကစား တရုတ်ကသူ့ရဲ့ အချုပ်ချာပိုင် နယ်မြေအဖြစ်ကြေညာထားပြီး ဆိုင်း သမ္မတတာဝန်ထမ်းဆောင်နေစဉ်ကာလမှာ ဒီသဘောထားကွဲလွဲမှုတွေကို ဆွေးနွေးမှုမလုပ်ပဲထားပါတယ်။

ထိုင်ဝမ်ရဲ့ စီးပွားရေးရာ ဝန်ကြီးဌာနဟာ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ရင်းနှီး မြှုပ်နှံရေးရုံးတွေ ဖွင့်လှစ်ထားပြီး ရင်းနှီး မြှုပ်နှံလိုသူတွေအတွက် အဲဒီတိုင်းပြည်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ စီးပွားရေး စီမံကိန်းတွေ ရှာဖွေပေးနေတာပါ။

ထိုင်ဝမ်အစိုးရက အရှေ့တောင်အာရှဒေသမှာ သွားရောက် ရင်းနှီး မြှုပ်နှံလိုတဲ့ အငယ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ငွေထုတ်ချေးပေးဖို့ အာမခံချက် ပေးထားပါတယ်။ ထိုင်ဝမ်နိုင်ငံကို လာရောက်ဖို့ ဗီဇာကင်လွတ်ခွင့်ပေးလိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေး နောက်ထပ် တိုးတက် မှုတွေ ရရှိလာစေပါလိမ့်မယ်။

မူဝါဒသစ်မှာ အကြုံးဝင်တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံနဲ့ ထိုင်ဝမ်အကြား ကုန်သွယ်ရေးဟာ အခုနှစ်အတွင်း ၂၀% တိုးမြင့်လာခဲ့တယ်လို့ သမ္မတဆိုင်း ကပြောပါတယ်။

တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်သူ အရေတွက်က လျှော့ကျသွားပြီး တောင်ဖက်နိုင်ငံ တွေကလာရောက်သူအရေတွက် တိုးများလာပါတယ်။ တောင်ဖက်နိုင်ငံတွေဆီ ဦးတည်တဲ့ မူဝါဒအသစ်မှာ ပါဝင်တဲ့နိုင်ငံတွေကနေ ထိုင်ဝမ်မှာ အထက်တန်း ပညာလာရောက် သင်ကြားသူဦးရေ ၆ လအတွင်း ၁၀% တိုးလာခဲ့ပြီး တရုတ်နိုင်ငံကနေ တက္ကသိုလ်ပညာ လာရောက်သင်သူ အရေအတွက်က ၂၀၁၆ ခုနှစ်ထဲမှာ လျှော့ပါးသွားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ ထိပ်ဆုံး ကုန်သွယ်ဘက်နိုင်ငံ အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အကြား သွင်းကုန်ထုတ်ကုန် ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁၇.၉ ဘီလီယံ ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ်ကို မမှီခိုရေး ထိုင်ဝမ်ရဲ့ အရှေ့တောင်အာရှမူဝါဒ