မြန်မာက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံးဝ ရှင်းလင်းလိုက်ပြီလို့ တရုတ်အစိုးရပြော

ရှင်ဟွာသတင်းမှာဖော်ပြခဲ့တဲ့ မြန်မာအခြေစိုက် ကျားဖြန့်ငွေလိမ်းဂိုဏ်းအတွက် အလုပ်လုပ်သူတွေလို့သံသယရှိသူ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဆီ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်း။ (သြဂုတ် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်းမှာအခြေစိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေတဲ့ ကျားဖြန့်နေရာအားလုံးကို လုံးဝရှင်းလင်းလိုက်ပြီလို့ တရုတ်အစိုးရက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေအတူလက်တွဲပြီး ငွေလိမ်ဂိုဏ်းတွေမှာလုပ်နေတယ်လို့ မသင်္ကာသူ တရုတ်နိုင်ငံသား ငါးသောင်းသုံးထောင် (၅၃,၀၀၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

မကြာခင်ကပဲ ကျားဖြန့်လုပ်ငန်းလုပ်နေတယ်လို့ မသင်္ကာသူ ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံမြောက်ပိုင်း တန့်ယန်းမြို့မှာပထမဆုံးဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ၂ နိုင်ငံပူးပေါင်းနှိမ်နှင်းနေမှုမှာထူးခြားတဲ့အောင်မြင်မှုဖြစ်တယ်လို့ တရုတ်ဘက်က ဖော်ပြပါတယ်။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့မှာ ဖမ်းမိတဲ့ထဲက တရုတ်နိုင်ငံ သား ၇၆၀ ကျော်ကို တရုတ်နိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ UWSA တာဝန်ရှိ သူက ဗွီအိုအေကို နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာအခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းနေရာ ၁,၀၀၀ ထက်မနည်းကနေ နေ့စဉ် လူတသိန်း ထက်မနည်းကို အွန်လိုင်းကနေ ငွေတွေလိမ်လည်နေတယ်လို့ တရုတ်အစိုးရသတင်းမီဒီယာက ပြီးခဲ့တဲ့နှစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလဆန်းက ကူမင်းမြို့မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တို့ တွေ့ဆုံခဲ့ချိန်က နယ်စပ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နှင်းသွားဖို့တရုတ်ဘက်က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံးဝ ရှင်းလင်းလိုက်ပြီလို့ တရုတ်အစိုးရပြော