[Zawgyi/Unicode]
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ဆက်လက်နေထိုင်ခွင့်ပြုထားတဲ့ သက်တမ်းလွန် ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားသူတွေ နောက်ထပ် သက်တမ်းတိုးဖို့ သတိပေးထားတဲ့အတွက် မြန်မာနိုင်ငံသားတွေ လိုက်နာကြဖို့ မြန်မာသံရုံးက သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။
အလည်အပတ်လာသူတွေနဲ့ သံတမန်တွေ ပြည်ဝင်ခွင့် အပါအဝင် ဗီဇာ အမျိုးအစား ခြောက် မျိုးနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေကို ကပ်ရောဂါ အရေးပေါ်ကာလမှာ ဆက်လက် နေထိုင်ခွင့်ပြုထားပေမဲ့ စက်တင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံသက်တမ်းတိုးဖို့ ထိုင်းနိုင်ငံက ကြေညာထားတဲ့အတွက် မြန်မာသံရုံးကလည်း ထပ်ဆင့် သတိပေးလိုက်တာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါမစခင် ထိုင်းနိုင်ငံကို ဗီဇာကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး ပိတ်မိနေတဲ့သူတွေကို တရားဝင်ဖြစ်အောင် ထိုင်းအစိုးရက နောက်ဆုံးအကြိမ် အသိပေးတာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင် AAC အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အလည်အပတ်လာသူတွေကို ထိုင်းအစိုးရက လေယာဉ်နဲ့ ပြန်ပို့ခဲ့ပေမဲ့ ကျန်နေတဲ့သူတွေလည်း ရှိနေကြောင်း သူကပြောပါတယ်။
SEE ALSO: မြန်မာတွေအတွက် ထိုင်းဗီဇာအတုလုပ်သူ ထိုင်းအမျိုးသမီး အဖမ်းခံရ“ကျန်ခဲ့တာကို သူက (ထိုင်းအစိုးရက) extension သက်တမ်း ထပ်တိုးပေးတာပေါ့။ အခုနောက်ဆုံး သတ်မှတ်ပြီးတော့မှ သက်တမ်းတိုးပေးမယ့် ပုံစံမျိုးပေါ့၊ သူတို့က ထပ်ပြီး ကြေညာလိုက်တာပေါ့။ ကျန်းမာရေးကြောင့်နေမှာလား၊ လုပ်ငန်းကိစ္စကြောင့်နေမှာလား၊ စီးပွားရေး လုပ်ငန်းရှင်လားဆိုတာ စစ်ထုတ်ပြီးတော့မှ အလည်သက်သက် လာရင်တော့ သူတို့က ထားမှာမဟုတ်တော့ဘူး၊ ပြန်ပို့မှာ။”
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၅၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ကူးစက်မှုတွေ လျော့ကျလာတဲ့အတွက် ကန့်သတ်ချက်တွေကို လျှော့ပေါ့လာနေတာပါ။ ဒီအတွက်လည်း လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေမှာပါ ပုံမှန်အခြေအနေအတိုင်း ဖြစ်လာအောင် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး အဓိကလုပ်ဆောင်တဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း MRC ရုံးတာဝန်ခံ ဦးမိုးဝေက ဗွီအိုအေကို ပြောပါတယ်။
“အခုကတော့ နည်းနည်းငြိမ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာ ကူးစက်မှုနှုန်းက မရှိဘူး၊ ပြီးတော့ သေနှုန်းလည်း ငြိမ်နေတယ်၊ လနဲ့ချီ ဖြစ်သွားပြီဆိုတော့ သူတို့ကအဲဒါကို စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ စီးပွားရေး ပြန်လည်ပတ်ဖို့ကိစ္စ ပြင်ဆင်နေတဲ့အတွက် တချို့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီ၊ ပြန်ဖွင့်တဲ့အတွက် လူတွေဘာတွေသွားပြီး အဲဒါကို သက်တမ်းကို နောက်ဆုံးအနေနဲ့ တိုးပေးဖို့ပေါ့နော် လူကိုယ်တိုင် စာအုပ်နဲ့တကွ၊ လက်တွေ့ လုပ်ဆောင်တော့မှာ။ ဒါပြီးရင်တော့ သူတို့က အဲဒါကို ကြပ်မတ်တော့မှာပေါ့။”
ကိုဗစ်ရောဂါကူးစက်နှုန်း ထိုင်းဘက်မှာ လုံးဝရပ်တန့်သလောက်ဖြစ်သွားပေမဲ့ မြန်မာနိုင်ငံကတော့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၁၅၅ ယောက်၊ အတည်ပြုလူနာ အယောက် ၈,၅၀၀ နဲ့ အာဆီယံ ၁၀နိုင်ငံမှာ တတိယမြောက် ကူးစက်မှု အများဆုံးဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန်တိုးလာရာက အိမ်နီးချင်းထိုင်းနိုင်ငံကလည်း ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် ထိန်းချုပ်တဲ့ အနေနဲ့ နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေနဲ့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]