ထိုင်းနိုင်ငံ သင်္ဘောကျင်းတခုမှာပေါက်ကွဲမှု မြန်မာလုပ်သားနှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်မြို့ စနမ်ချိုင်ကျေးရွာအုပ်စု ၆မှာ ရှိတဲ့သင်္ဘောကျင်းတခုပေါက်ကွဲမှုမြင်ကွင်း။ (ဓာတ်ပုံ-ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့/သြဂုတ်လ ၉၊ ၂၀၂၄)

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်မြို့ စနမ်ချိုင်ကျေးရွာအုပ်စု ၆မှာ ရှိတဲ့သင်္ဘောကျင်းတခုမှာ ဩဂုတ်လ ၉ ရက်နေ့က အလုပ်သမားများအလုပ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် မြန်မာအလုပ်သမား ၇ ဦးဒဏ်ရာရပြီး ၂ ဦးကတော့ ပေါက်ကွဲမှုကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အယုဒ္ဓယခရိုင် ဘန်စိုင်မြို့ စနမ်ချိုင်ကျေးရွာအုပ်စု ၆ မှာရှိတဲ့သင်္ဘောကျင်းတခုမှာ ဩဂုတ်လ ၉ ရက်နေ့ က အလုပ်သမားများအလုပ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် မြန်မာ ၂ ဦးသေဆုံးခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဓ္ဒယခရိုင်ထဲမှာရှိတဲ့ကျေးရွာတခုရဲ့ သင်္ဘောကျင်းတခုမှာ မတော်တဆဖြစ်ပြီး ဒဏ်ရာရသူ ၇ ယောက်ရှိတယ်။ အဲဒီထဲမှာ သေဆုံးသူ ၂ ဦးရှိတယ်။ အဲဒီ ၂ ဦးကတော့ မြန်မာအလုပ်သမားတွေဖြစ်တယ်။ သူတို့ဖြစ်စဉ်ကို လုပ်ငန်းကတာဝန်ရှိသူတွေက အစောတလျင် မှတ်ချက် ပေးတာကတော့ ဆေးလိပ်သောက်ပြီး ဆေးလိပ်မီးကိုပစ်လိုက်တဲ့အတွက် မလိုအပ်ဘဲ ပေါက်ကွဲမီးလောင်မှု ဖြစ်တယ်လို့မှတ်ချက်ပေးပါတယ်။”

သေဆုံးသူတွေအတွက် နစ်နာကြေးရဖို့ မြန်မာလူမှုအသိုင်းအဝိုင်းကလည်း အကူညီပေး စေချင်တယ်လို့ ဦးမိုးကြိုးကဆက်ပြောပြပါတယ်။

“တတ်ကျွမ်းတဲ့ မြန်မာအသိုင်းအဝိုင်းကလည်းအကူညီပေးစေချင်ပါတယ်။ ပထမကတော့ ထိုင်းလူ့အခွင့်ရေး ရှေ့နေတွေပါတဲ့HRDF လူ့အခွင့်ရေးအဖွဲ့ကို ဆက်သွယ်လိုက်ပါ။ ဒုတိယလမ်းကြောင်းကတော့ ထိုင်းနိုင်ငံက အလုပ်သမားသံအရာရှိကို ဆက်သွယ်လိုက်ပါ၊ ဒီကိစ္စကလုပ်ငန်းခွင်မှာမတော်တဆဖြစ်ပွားပြီး အသက်ဖိုး လျော်ကြေးရပိုင်ခွင့်ရမှာဖြစ်ပါတယ်။ ထိုင်းဥပဒေအရကတော့ ဘတ်ငွေ ၁၅ သိန်းထိ သတ်မှတ်ထားပြီး စာရွက်စာတမ်း အထောက်အထားတွေခိုင်လုံရင် အသက်ဖိုးလျော်ကြေး နစ်နာကြေးရမှာမို့ အားလုံးဝိုင်းဝန်း ကြိုးစားစေချင်ပါတယ်။”

အခု သင်္ဘောကျင်းကတော့ လွန်ခဲ့တဲ့ ၈ နှစ်ခန့်ကလည်း အခုလိုမျိုး ပေါက်ကွဲမှုတခုဖြစ်ပွားပြီးလူ ၄ ဦး သေဆုံးဖူးပါတယ်။ အခုအခါမှာ သေဆုံးသူကော ဒဏ်ရာရသူတွေဟာ မြန်မာအလုပ်သမားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများကို အယုဒ္ဓယဆေးရုံသို့ ပို့ဆောင်ပြီး နောက် ဆေးဝါးကုသမှုပေးနေတယ်လို့ သိရပါတယ်ရှင်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံ သင်္ဘောကျင်းတခုမှာပေါက်ကွဲမှု မြန်မာလုပ်သားနှစ်ဦးသေဆုံး