ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အင်နဲ့အားနဲ့ လာရောက် လုပ်ကိုင်နေကြတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ထိုင်း အရပ်ဖက် အဖွဲ့အစည်းတချို့ ဦးဆောင်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အခုလို ဆန္ဒပြပွဲဟာ မြန်မာအလုပ်သမားတွေအပေါ် ချမှတ်ထားတဲ့ ထိုင်းရဲ့ မူဝါဒကို ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေမှာ မဟုတ်ဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။
လူအယောက် (၂၀) နီးပါးလောက်ပါ၀င်တဲ့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတချို့ မြန်မာသံရုံးရှေ့ ဒီကနေ့ ဆန္ဒပြခဲ့တာနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ဒီနေ့ ဆန္ဒပြတယ်ဆိုတာကလည်း အများကြီးမဟုတ်ဘူးလေ။ ကား ၂စီးလောက်နဲ့ လူအနည်းငယ်ပေါ့၊ တောင်းဆိုချက်တခုပေါ့၊ မြန်မာသံရုံးကို လာတောင်းဆိုတာပေါ့။ ဒီနောက်ကွယ်မှာ ခေတ်စကားနဲ့ပြောရရင် လက်မဲတွေလည်း ရှိနိုင်တယ်။ နိုင်ငံရေးတွေလည်းဖြစ်နိုင်တယ်။ ကိုယ်မမြင်နိုင်တာတွေလည်း ရှိနိုင်ပါတယ်၊ ဒီလို တောင်းဆိုတာတွေကိုလည်း ထိုင်းနိုင်ငံသား အများစုအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်တဲ့ဟာတွေတော့ မဟုတ်ပါဘူး။ အလုပ်သမားရေးဆိုင်ရာ ဥပဒေတွေ ပြဌာန်းချက်တွေကလည်း တရားဝင် ထုတ်ပြန်ထားတာပါ၊ နိုင်ငံတကာ စံနှုန်းနဲ့အညီ ထိုင်းနိုင်ငံက လက်မှတ်ထိုးထားတာက CRC ကိုလည်း လက်မှတ်ထိုးထားတာတွေက တရားဝင် ထိုးထားတာပါ။ ဒီလိုလုပ်တယ်ဆိုရင် မြန်မာတခုတည်းက လုပ်ပါလို့လည်း လုပ်လို့ရမှာမဟုတ်ဘူး၊ ဒီလိုမျိုး လုပ်မယ်ဆိုရင် ရွှေပြောင်းအလုပ်သမားတွေ အားလုံး လေးနိုင်ငံ (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) စတဲ့ အားလုံးရဲ့ ဥပဒေတွေ အကုန်လုံးကို ပြင်ရမှာ။ အဲဒီလို ပြင်မယ်ဆိုရင်လည်း သူတို့ လွှတ်တော်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်တွေကို ချရတာလေ”
မြန်မာအလုပ်သမားများရဲ့ တရားမဝင် လုပ်ရပ်များက ထိုင်းနိင်ငံအတွက် ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ထိုင်းနိုင်ငံသားများရဲ့ အလုပ်အကိုင်တွေလည်း ဆုံးရှုံးနေရကြောင်း ထိုင်းနိုင်ငံသားဆန္ဒပြသူတွေက ပြောဆိုခဲ့ကြပါတယ်။ ဒါအပြင် ထိုင်းကနေ မြန်မာနိုင်ငံသားတွေ ထွက်သွားဖို့တောင်းဆိုထားတဲ့ စာတမ်းတွေကိုလည်း ဆန္ဒပြသူတွေက ကိုင်ဆောင်ထားကြတာပါ။ ဒီအဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းလွှတ်တော်ကို သွားရောက်ပြီး မြန်မာနိုင်ငံသားတွေကို အလုပ်လုပ်ခွင့် ရက် ၉၀ သာပေးဖို့နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပိတ်၊ နေရပ်ပြန် မီးဖွားစေဖို့စတဲ့ အချက်တွေကို သွားရောက် တင်ပြခဲ့ကြပါတယ်။
ထိုင်းရောက် မြန်မာတွေဟာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ ခက်ခဲတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ အန္တရာယ်များတဲ့ အလုပ်တွေကိုသာ အများဆုံး လုပ်ကိုင်နေရတာဖြစ်တယ်လို့ ဦးမင်းဦးက ဆက်ပြောပါတယ်။
"သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေကို ရွေပြောင်းအလုပ်သမားတွေက လုပ်ကြတာပါ။ မဟုတ်ရင် လုပ်ငန်းခွင်မှာ လုပ်သား ရှားပါးမှုက ဖြစ်သွားမှာပေါ့။"
ထိုင်းနိုင်ငံမှာ ရွှေပြောင်းအလုပ်သမားတွေ လုပ်ခွင့်မရှိတဲ့အလုပ် ၂၇ မျိုးကို သတ်မှတ်ထားတဲ့အထဲမှာ စျေးရောင်းတာလည်း ပါ၀င်ပါတယ်။ ဒါပေမဲ့ လက်ရှိ ထိုင်းရောက်မြန်မာတွေဟာ စျေးရောင်းတာအပါအဝင် ကန့်သတ်ထားတဲ့အလုပ်တွေကို လုပ်ကိုင်တာတွေ ရှိနေကြတယ်လို့ ဦးမင်းဦးက ပြောပါတယ်။
“အဓိကအားဖြင့် ပြောရရင်တော့ အလုပ် ၂၇မျိုးကို ရွှေပြောင်းအလုပ်သမားတွေလုပ်လို့မရဘူး အဲဒါကို ရွှေပြောင်းအလုပ်သမားတွေက လုပ်တာများတယ်။ ဒီဘက်ကာလမှာ မြန်မာစားသောက်ဆိုင်တွေ မြန်မာဝန်ဆောင်မှုလုပ်ငန်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တခုမှ မြန်မာ လုပ်လို့မရတဲ့ဟာတွေပါ။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တာ၊ စီးပွာရေး ခက်ခဲတာ၊ စစ်ဘေးစစ်ဒဏ်တွေနဲ့ အတင်းအကြပ် စစ်မှုထမ်းရမယ့်ဥပဒတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို လူတွေ အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5