ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် နိုင်ငံကူးလက်မှတ် ပြန်သိမ်းခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် (သြဂုတ်လ ၂၀၁၇)

ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရက ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်က သူမ တာဝန်ယူချိန်က ချမှတ်ကျင့်သုံးခဲ့တဲ့ အစိုးရဘက်က ငွေကြေးစိုက်ထုတ်ပြီး စပါးဝယ်ယူရေး အစီအစဉ် မအောင်မမြင်ဖြစ်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်စီရင်ချက် မချမီ ပြီးခဲ့တဲ့လက နိုင်ငံကနေ ထွက်ပြေးသွားခဲ့တာပါ။

မစ္စ ယင်းလတ်က သံတမန် နိုင်ငံကူး လက်မှတ်နှစ်ခုနဲ့ ပုဂ္ဂိုလ်ရေးသုံး နိုင်ငံကူးလက်မှတ် ၂ ခု ကိုင်ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကို အဆင်အခြင်မဲ့ ဆောင်ရွက်မှု စွဲချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထိုင်းတရားရုံးချုပ်က မျက်ကွယ်ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ မစ္စ ယင်းလတ်က ပြစ်ဒဏ်စီရင်ချက် မကြေညာခင်မှာ ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ လယ်သမားတွေထံက စပါးကို ဈေးကွက်ပေါက်ဈေးထက် ပိုပေး ဝယ်ယူပြီး နောက်မှာ ဈေးနှုန်းတင် ပြန်ရောင်းဖို့ စဉ်းစားချက်နဲ့ ဆောင်ရွက်ခဲ့တဲ့ အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် ထိုင်းအစိုးရ ဒေါ်လာ သန်း ၁ ထောင်လောက် အရှုံးပေါ်ခဲ့တာပါ။

မစ္စ ယင်းလတ်ကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုပြီး စွဲချက်တွေကို ငြင်းဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ဟာ ဗြိတိန်နိုင်ငံမှာ ရှိနေတယ်လို့ ယုံကြည်ရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပေမယ့် သူမ ဘယ်မှာ ရှိနေသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

Your browser doesn’t support HTML5

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် နိုင်ငံကူးလက်မှတ် ပြန်သိမ်းခံရ

Your browser doesn’t support HTML5

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် နိုင်ငံကူးလက်မှတ် ပြန်သိမ်းခံရ