ထိုင်းနိုင်ငံ ချင်းရိုင်မှာ မြန်မာနိုင်ငံသားတဦး တရားမဝင် မူးယစ်ဆေးတွေနဲ့ ဖမ်းမိ

အိုက်စ်မူူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ မြန်မာလူငယ်။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ ဝဒေသကလာတဲ့ အိုက်စ်မူးယစ်ဆေးဝါး ကီလို ၂၅၀ ကျော်နဲ့အတူ မြန်မာနိုင်ငံသားတဦးကို ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် Mae Fah Luang ဒေသမှာ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းက မူးယစ်ဆေးတွေ သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းကို ကြိုတင်ရထားတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေခဲ့ရာမှာ အသက် ၂၄ နှစ်အရွယ် မြန်မာလူငယ်တဦးနဲ့အတူ ဆာလာအိတ်၊ ကျောပိုးအိတ် ၁၂ လုံးအတွင်းမှာ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေးဝါး ၂၅၆ ကီလို ဖမ်းမိခဲ့ပါတယ်။

ကာလတန်ဖိုး ဘတ်သန်း ၁၅၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာကို လာရောက် စစ်ဆေးကြည့်ရှုခဲ့တဲ့ ဗိုလ်ချုပ် Narvan Thawong က သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။

“မူးယစ်မှောင်ခိုသမားတွေ မူးယစ်ဆေး အမြောက်အမြား သယ်ဆောင်လာနေတဲ့ သတင်းကို ရထားတာကြောင့် နယ်ခြားစောင့်တပ်တွေဟာ သတင်းရထားတဲ့ နေရာတွေ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာပါ။ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ဝ လက်နက်ကိုင် ထိန်းချုပ်ထားရာ နယ်မြေအတွင်းက အာခါ တိုင်းရင်းသားတွေက သယ်ဆောင်လာတာ။” လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

SEE ALSO: ဒေါ်လာသန်း ၃၀ ဖိုးခန့် ဘိန်းဖြူ ထိုင်းမှာဖမ်းမိ

ဒီသတင်းနဲ့ပတ်သက်လို့ UWSA ဝလက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖမ်းမိခဲ့တဲ့ မြန်မာလူငယ်တဦးကို စစ်ဆေးမေးမြန်းချက်အရ ဒီမူးယစ်ဆေးဝါးတွေကို လူ ၁၀ ဦးထက်မနည်းက သယ်ဆောင်လာတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဖမ်းမိတဲ့ မြန်မာလူငယ်တဦးကတော့ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ ကျန်နေခဲ့တာလို့ ဆိုပါတယ်။ သူ့ကို အခကြေးငွေပေးပြီး စေခိုင်းခဲ့တာလို့လည်း ဆိုပါတယ်။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသား လူငယ်ကို ဆက်လက်စစ်ဆေးဖို့အတွက် ချင်းရိုင် စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားပြီလို့လည်း ချင်းရိုင်ပြည်နယ် ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေဟာ ရွှေတြိဂံဒေသထွက် မူးယစ်ဆေးဝါးကရတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချသူတွေရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံထားတဲ့ နေရာတွေကိုလည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။ ဘန်ကောက်၊ ချွန်ဘူရီ၊ နာရာသီဝ၊ စမုတ်ပရာကမ် ပြည်နယ်တွေအတွင်းက မူးယစ်မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုပေါင်း ဘတ်ငွေသန်းပေါင်း ၁,၀၀၀ ကျော်ကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံ ချင်းရိုင်မှာ မြန်မာနိုင်ငံသားတဦး တရားမဝင် မူးယစ်ဆေးတွေနဲ့ ဖမ်းမိ

-----------------------

(Unicode)






SEE ALSO: ရွှေတြိဂံထွက်မူးယစ်ဆေးများ ထိုင်းကတဆင့် သြစတေးသျှနဲ့အခြားနိုင်ငံတွေတင်ပို့နေ




