စစ်ကောင်စီအကြီးအကဲ တိုင်းပြည်လုံခြုံရေးအခြေအနေ မိန့်ခွန်းပြောမည်

အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ့်အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားပါတယ်။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်တဲ့အကြောင်း ကြေညာပြီးနောက်မှာ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းပြည်ကို မိန့်ခွန်းပြောမယ့်အကြောင်း ကြေညာချက်ထွက်လာတာပါ။ တိုက်ပွဲတွေဟာ စစ်ကောင်စီ အခိုင်အမာ ခြေကုတ်ယူထားတဲ့ မြေပြန့်က တခြားမြို့ကြီးတွေကိုပါ ကူးစက်လာနိုင်ခြေ ရှိနေတယ်ဆိုပြီး ပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။

တချိန်တည်းမှာ စစ်ကောင်စီ အရှေ့မြောက်တိုင်း တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ဖမ်းဆီးခံရသူတချို့ရှိတယ်လို့ သိရှိရတဲ့အကြောင်း မြန်မာစစ်ကောင်စီကလည်း ဝန်ခံသတင်းထုတ်ပြန်ထားပါတယ်။ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ တပ်အရာရှိစစ်သည်နဲ့ မိသားစု စုစုပေါင်း ၄ ထောင်ကျော် MNDAA ပူးပေါင်းတပ်တွေကို လက်နက်ချခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရရော စစ်ရေးသတင်းရင်းမြစ်တွေကပါ ပြောနေပါတယ်။ လက်နက်ချ စစ်ကောင်စီအရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ခက်နေသလို မြန်မာစစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန် မပြောသေးပါဘူး။ လားရှိုးမြို့ကိုရော တိုင်းဌာနချုပ်ကိုပါ MNDAA ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ဆိုပေမယ့် လားရှိုးမြို့ဝန်းကျင်မှာတော့ ပစ်ခတ်မှုတချို့ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။