ဆန်စျေးတင်ရောင်းမှုနဲ့ ဖမ်းဆီးခံထားရသူ ဂျပန်နိုင်ငံသား ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရတောင်းဆို

ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကတ်မှာ ဈေးဝယ်နေသူတစ်ဦး (ဇူလိုင် ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို အစောဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ ပြောခွင့်ရ Yoshimasa Hayashi က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ Aeon Orange အရောင်းဆိုင် ဒါရိုက်တာ အသက် ၅၃ နှစ်အရွယ် Hiroshi Kasamatsu လွတ်မြောက်ရေးအတွက် ဂျပန်အစိုးရက ဥပဒေအရ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးသွားမယ်လို့ ပုံမှန်ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စစ်ကောင်စီ သတ်မှတ်တဲ့ ဆန်ဈေးထက် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ဈေးသတ်မှတ်ရောင်းချမှုနဲ့ Hiroshi Kasamatsu အပါအဝင် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ၄ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း စစ်ကောင်စီက မနေ့က ကြေညာပါတယ်။ ဒါ့အပြင် သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချတယ်ဆိုတဲ့ ဆန်လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့အခွန်စည်းမျဉ်းတင်းကြပ်ပြီး ဆန်လုပ်ငန်းရှင် ၇ ဦးကိုလည်း တရားစွဲဆိုအရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆန်၊ ဆီ အခြေခံစားကုန်တွေ ကုန်ဈေးနှုန်းအဆမတန်တက်လာတဲ့နောက် စစ်ကောင်စီအနေနဲ့ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေနဲ့ ဆန်လုပ်ငန်းရှင်တွေ ကုမ္ပဏီအကြီးအကဲတွေ စုစုပေါင်း ၁၁ ယောက်ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေပါတယ်။ ရန်ကုန် အရောင်းစင်တာအတော်များများမှာတော့ ဆန်အိတ်တွေ ဝယ်လို့မရတော့ဘဲ အများပြည်သူအနေနဲ့ ဆန်စပါးအသင်းချုပ်က ရောင်းချတဲ့ဆိုင်တွေမှာပဲ အိမ်ထောင်စု ခွဲတမ်းတွေနဲ့ ဝယ်ယူနေကြရပါတယ်။ ဆန်စပါးအသင်းချုပ်ကတော့ သူတို့လျှော့စျေးနဲ့ ရောင်းချနေတဲ့စျေးနှုန်းဟာ တနိုင်ငံလုံးမှာ တပြေးညီရောင်းချပေးရမယ့် စျေးဖြစ်တယ်လို့ ပြောဆိုနေပါတယ်။

Your browser doesn’t support HTML5

ဆန်စျေးတင်ရောင်းမှုနဲ့ ဖမ်းဆီးခံထားရသူ ဂျပန်နိုင်ငံသား ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရတောင်းဆို