မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေက စစ်တပ်တပ်စွဲထားတဲ့ Well 2 ရေနံလုပ်ကွက်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တတိယအကြိမ်အဖြစ် ဒီနေ့တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ ကြိမ်ဖန်များစွာ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲဟာ မနက်ပိုင်းကနေ ညနေပိုင်းအထိ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင် ဆက်ပြောပြပါမယ်။
မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေက Well 2 ရေနံမြေလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး မတ်လ ၁၇ ရက် မနက်ပိုင်းက စလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဟာ မနက် ၆ နာရီကျော်ကစလို့ ညနေ ၅ နာရီအထိ မပြီးဆုံးသေးဘဲ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ရှင်းလင်းရတဲ့အထိ ပြင်းထန်နေတာပါ။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကျားသစ်နက်တပ်မတော် ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က တိုက်တာခင်ဗျ။ ကျွန်တော်တို့က Well 2 ရေနံမြေစခန်းကို အရင်တခေါက်ကလည်း ဝင်စီးခဲ့ပြီးပြီ ၉ ရက်နေ့ကလည်း ဝင်စီးခဲ့ပြီးပြီ။ အဲ့နေ့က အဆောက်အဦးတွေ တော်တော်များများပေါ့နော် တော်တော်များများကို မီးရှို့ဖျက်ဆီးခဲ့နိုင်တယ်။ ဒါပေမယ့် အဆောက်အဦး ၄/၅ လုံးလောက်ကျန်နေတယ်။ အဲ့ဒါကို အဓိကအနေနဲ့ ဝင်လုံးဝင်စီးတာပါ။ ရဟတ်ယာဉ်နဲ့လာပစ်တာက မနက် ၈ နာရီ ၅၄ မိနစ်က ၁ ကြိမ် ၁၂ နာရီ ၅၄ မိနစ်မှာ ၁ ကြိမ် အခု ၄ နာရီ ၃၇ အခုလည်း ပစ်နေစဲပဲခင်ဗျ။ ကျွန်တော်တို့ နယ်မြေမှာ အပြင်းထန်ဆုံးလို့ ပြောလို့ရတဲ့ တိုက်ပွဲပါ။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်မှုတွေရှိတယ်။ ရန်သူ့ဘက်ကလည်း ကျဆုံးမှုတွေရှိတယ်ခင်ဗျ။”
ဒါဟာ ဒီရေနံမြေလုပ်ကွက်ကို တတိယအကြိမ် တိုက်ခိုက်တာလည်းဖြစ်ပြီး ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်လို့ အတိအကျမသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီလ ၉ ရက်နေ့ကပဲ အဲ့ဒီရေနံလုပ်ကွက်ကို ဒေသခံကာကွယ်ရေးစုပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ခဲ့ပါသေးတယ်။
မကွေးတိုင်းထဲကပဲ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာရှိတဲ့ ဒေသခံတွေဟာ နေရပ်ကျေးရွာတွေကို မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ကျေးရွာထဲဝင်ရောက်သူတွေကို ဖမ်းဆီးတာတွေအပြင် ပစ်ခတ်တာတွေ ပြုလုပ်တယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက
“ကျွန်တော်တို့ အိုင်ကြီးကော ညောင်လှကော ညောင်နီပင်ကော သိမ်တော်ကော ကျွန်းပြင်မှာ ပြေးနေရတာ ရက်ပေါင်း မနည်းဘူးခင်ဗျ။ စစ်တပ်က ကင်းပုန်းတွေချထားပြီး လာတဲ့သူတွေကို ပစ်နေတာ။ ရွာနားပတ်ချာလည်မှာ သူတို့က ကင်းပုန်းချထားတော့ ပြည်သူတွေက မဝင်ရဲတော့ဘူးခင်ဗျ။ အဲ့လိုဖြစ်နေတာ။ ပြန်ဝင်မယ်လုပ်လို့ ဝင်လို့ အသံကြားရင် လှမ်းပစ်ပြန်ပြီ။ ဘာမှ မပါဘူးပေါ့ဗျာ။ အလွတ်ပြေးခဲ့ရတာဆိုတော့ ဆန်တွေဆီတွေ တောထဲချက်စားဖို့ သွားယူမယ်ဆိုရင်လည်း သူတို့က အသံကြားတာနဲ့ကို လှမ်းပစ်တော့တာ။ မောင်ဖြူရယ် မောင်မဲရယ်မဟုတ်ဘူး။ ကိုယ့်အိမ်လေးကိုယ် ပြန်ဝင်တော့ကြတော့ သူတို့နဲ့တွေ့သွားရင်ဖမ်းတာပဲ။ မနေ့ကတောင် ၂ ယောက်ဖမ်းတယ်။ သူတို့က ရွာထဲဝင်လာလို့ မသင်္ကာလို့ဆိုပြီး ညောင်နီပင်ထဲက ဖမ်းတာခင်ဗျ။”
တိမ်းရှောင်နေရတဲ့ ကျေးရွာ ၇ ရွာခန့်ရှိပြီး လူဦးရေ ထောင်ချီတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်က မြစ်ခြေမြို့ မြင်းမွေးမြူရေးတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်တဲ့အတွက် တပ်အနီးက ဒေသခံတွေဟာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
မတ်လ ၁၅ ရက်က မြစ်ခြေမြို့ ဆယ်လံကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေါင်းယဉ်သွေး ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၅ ဦးကို ကျဆုံးခဲ့ပါတယ်။
Your browser doesn’t support HTML5