ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် ဆက်လက် စောင့်ရှောက်ထားဖို့ အမေရိကန်တိုက်တွန်း

ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller (ဩဂုတ် ၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည် အကူအညီပေးရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကိုတော့ လတ်တလော တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ဘီလျံ နှစ်ထောင်ဖိုး အကူအညီတွေ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်အကိုင် နေရာခွဲတမ်းစနစ်ကို မကျေနပ်လို့ ကျောင်းသားဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး မနေ့က Sheik Hasina ရာထူးကနုတ်ထွက်သွားသလို တိုင်းပြည်ကနေ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ Sheik Hasina အာဏာရယူခဲ့တဲ့ ကာလအတွင်း ဒီမိုကရေစီ နည်းမကျတာတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ တိုင်းပြည်စီးပွားရေး အားကောင်းအောင် တည်ဆောက်ခဲတာနဲ့ မြန်မာနိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခဲ့တာတွေအပေါ် နိုင်ငံတကာက ချီးကျူးခဲ့ကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်တွေက ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus ကို အဆိုပြုနေပါတယ်။

အခြားဖတ်ရှုစရာ ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ကြေညာမှု ကန်ကြိုဆို

ကျောင်းသားတွေရဲ့ အဓိက တောင်းဆိုချက်အတိုင်း ပါလီမန်ကို ဖျက်သိမ်းလိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတက ဒီနေ့ ကြေညာပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုပြီး ဒီမိုကရေစီနည်းက ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပံ့ပိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် ဆက်လက် စောင့်ရှောက်ထားဖို့ အမေရိကန်တိုက်တွန်း