မိသားစုတခုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ အတွေ့အကြုံ

ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို အကြီးအကျယ်ထိခိုက်နေချိန်ကိုဗစ်တတိယလှိုင်းကို အလူးအလဲရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ အရေးပေါ် ဆေးကုသရေးအတွက် တောင် ဘယ်သွားလို့ ဘယ်လာရာမှန်းမသိဖြစ်နေကြပါတယ်။ တမိသားစုလုံး ကိုဗစ်ရောဂါကူးစက်ခံရတဲ့အခြေအနေကို ကျော်လွှားရုန်းထွက်ခဲ့ရတဲ့ ရန်ကုန်ဒေသခံ မမီးမီးရဲ့ အတွေ့အကြုံကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဇွန်လကုန်ပိုင်းလောက် ရန်ကုန်မှာ ကိုဗစ်တတိယလှိုင်း စတင်မြင့်မားလာချိန် အမျိုးသားဖြစ်သူ စပြီးဖျားနာခဲ့ရာကနေ သူနဲ့ သားဖြစ်သူပါ ကူးစက်ခဲ့တဲ့ အခြေအနေကို အသက် (၄၀) ပတ်ဝန်းကျင် မမီးမီးက အခုလို စပြောပြပါတယ်။

“ အဲဒီနေ့ တညလုံးဘဲ အမျိုးသားက အဖျားတက်ပါတယ်။ ညီမလည်း နည်းနည်းပါးပါးတော့ ဖျားတယ်။ ဒါပေမယ့် အမျိုးသားလောက် မဖျားဘူးပေါ့နော်။ နောက်တရက်လည်း တနေ့လုံးမှာ အမျိုးသားက အဖျားမကျဘူး။ မကျတော့ နောက်နေ့ ညနေလည်း ဆေးခန်း ထပ်သွားတယ်။ ဆေးခန်း ထပ်သွားတယ်။ ဆေးထပ်ထိုးတယ်။ ဒီ သောက်စရာ ဆေးတွေ ဆက်သောက်တယ်ပေါ့နော်။ အဲလို သောက်နေရင်း တန်းလန်းနဲ့ ညီမ ကတော့ သူတို့ လောက်တော့ မဖြစ်ဘူး။ အဖျားပြန်ကျ လာတယ်။ အဖျားပြန်ကျပြီး သူတို့လောက် မဖြစ်ဘူး။ အဖျားပြန်ကျသွားတယ်။ ဒါပေမယ့် အဲဒီမှာ အမျိုးသားက တောက်လျှောက် မသက်သာဘူး။ ၃ ရက် မြောက်မှာ အိမ်က သားကပါ ထပ်ပြီး ဖျားလာတယ်။ ညဘက် သူ ရေချိုးမှားလိုက်တယ်ပေါ့နော်။ ရေချိုး မှားလိုက်ပြီး ထပ်ဖျားလာတယ်။ ထပ်ဖျားလာတဲ့ အချိန်မှာ နောက် ၃ ရက်မြောက်မှာ သူ့ ကိုလည်း ဆေးခန်းပို့တယ်။ အဲလိုဘဲ ဆေးခန်းက ဆေးထိုးတယ်။ ဒီဆေးတွေဘဲ ပေးတယ်ပေါ့နော်။ ဒီဆေးတွေဘဲ ပေးပြီးတော့ ညီမတို့ ဆက်သောက်ကြတယ်။ ဆက်သောက်တယ်။ သား ကလည်း မသက်သာလာဘူး။ တညလုံး ဝမ်းသွားတော့ ကလေးကလည်း နောက်ရက် ကျတော့ ပင်ပန်းတာပေါ့နော်။ ပင်ပန်းတော့ ကလေးကိုလည်း ဓာတ်ဆားတွေ ဘာတွေ တိုက်တယ်။ ဒါပေမယ့် အဖျားက မကျတော့ဘူး။ ကလေးကလည်း ၂ ရက်လောက် ဖျားတယ်။ ဒါပေမယ့် ၂ ရက်လောက်မှာ ကလေး ဝမ်းသွားတာတွေ ဘာတွေတော့ ပြန်ရပ်သွားတယ်။ ဓာတ်ဆား သောက်တယ်။ နောက်ရက် ကျတော့ Bioflor ထည့်တိုက်တယ်။ မနက် တထုပ်၊ ည တထုပ်။ Bioflor ထည့်တိုက်တယ်။ ထည့်တိုက်လိုက်ပြီးတော့ ကလေး အိမ်မှာ အဓိက က ဘာဖြစ်လဲ ဆိုတော့ ညီမတို့ သားမိ သားဖ သုံးယောက်လုံး ဗိုက်တာမင် D3၊ စီဗစ်၊ Zinc အဲဒါကိုရော သောက်နေတယ်။ ”

ကိုးရက်မြောက်ဖြစ်လာချိန် သူနဲ့ အသက် (၂၀) ဝန်းကျင် သားဖြစ်သူက ပြန်ပြီး သက်သာ လာစ ပြုလာပေမယ့်အသက် (၄၀)ဝန်းကျင် အမျိုးသားဖြစ်သူ အပြင်းအထန် ဖျားနာနေဆဲအခြေအနေကို မမီးမီးက ဆက်ပြီးပြောပြပါတယ်။

“ ၉ ရက်မြောက်လောက်ကျတော့ အမျိုးသားက ဘာဖြစ်လဲ ဆိုတော့ ပိုးသတ်ဆေးမျိုးကို သောက်လိုက်တဲ့ အချိန်မှာ အမျိုးသားက ဝမ်းတွေ သွားတယ်။ အန်တာတွေပါ ဖြစ်လာတယ်။ ဖြစ်လာတော့ နှုတ်ခမ်းတွေ ဘာတွေလည်း ဖြူပြီးတော့ အားယုတ်လာတာပေါ့နော်။ အားယုတ်လာတော့ ညီမက အဲဒါ ဆိုရင်တော့ မဖြစ်တော့ဘူး။ ပုံမှန် တုပ်ကွေး ဆိုရင်တော့ ပျောက်တယ်ပေါ့နော်။ ပုံမှန် တုပ်ကွေး ဆိုရင် ပျောက်တယ်။ ဒါမျိုး ဆိုရင်တော့ ပုံမှန် တုပ်ကွေး မဟုတ်တော့ဘူး ဆိုပြီးတော့ အသိ ဆရာဝန် တယောက်နဲ့ Test Kit စစ်တယ်။ Test Kit စစ်တဲ့ အချိန်မှာ P ဖြစ်တယ် ပေါ့နော်။ အမျိုးသားဘဲ စစ်တာ။ ညီမတို့ သား အမိက မစစ်ဘူး။ သူဘဲ စစ်တယ်။ အဲတော့ ဆရာဝန်ကတော့ ဘာပြောလဲ ဆိုတော့ အိမ်က လူတွေနဲ့ ခွဲနေပါပေါ့နော်။ ဒါပေမယ့် ၉ ရက်မြောက် ဖြစ်တာ ဖြစ်တဲ့ အတွက် ပိုးကတော့ အားလျော့နေပြီ အစားလေးဘဲစား အားဆေးလေးတွေဘဲ ပုံမှန် သောက်ပေးပါလို့ ဆရာဝန်က ပြောတယ်။ အဲတော့ အမျိုးသားက သူ လမ်းမှာ ဖြစ်တဲ့ အတွက် ဘာလုပ်ရမလဲ။ အိမ်ကနေ ခွဲနေ ဘာညာ ပြောတယ်ဆိုတော့။ ရတယ် ကိစ္စ မရှိဘူး။ အိမ်က လူတွေလည်း အကုန် ဖြစ်နေပြီ ဒါ အိမ်က လူလည်း P ကျန်တာ စစ်စရာ မလိုဘူး ပေါ့နော်။ အိမ်မှာဘဲ ပြန်လာခဲ့ ဆိုပြီး ညီမတို့ အိမ်မှာဘဲ သားမိ သားဖ ၃ ယောက်လုံး အိမ်ပိတ်ပြီး နေတယ်။

အိမ်ပိတ်ပြီး နေပြီးတော့ အစားအသောက်တွေကို ညီမရဲ့ အမတွေ၊ သူငယ်ချင်းတွေက အပြင်ကနေ ပို့ပေးတယ်ပေါ့နော်။ ပို့ပေးတာကို ရသလောက် စားတော့ P လည်း သေချာ သွားပြီ ဖြစ်တဲ့ အတွက် လုပ်ရမယ် ငါတို့ အစားစားမှဘဲ ဖြစ်မှာ။ ရှေ့က စာတွေလည်း ရေးထားတယ်။ လူတွေကလည်း ဖြစ်ပြီးတဲ့ လူတွေရော ဘာတွေရော စာတွေကို ဖတ်တဲ့ အချိန်မှာ စိတ်ရယ် ကိုယ်ခံအားနဲ့ဘဲ တိုက်ရတာ ဖြစ်တဲ့ အတွက် ညီမက အိမ်မှာ အမျိုးသားကို အားပေးရတယ်။ သူက ကိုယ့်ထက် ပျော့လို့။

ကိုယ့်ထက် ပျော့တော့ သူ့ကို အားပေးပြီးတော့ အစားကို ဝင်အောင် စားပါ ဆိုပြီးတော့ ချော့ပြီး ကျွေးတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ၉ ရက်မြောက်လောက်မှာ ကလေးက တော်တော် သက်သာနေပြီ။ အမျိုးသားကလည်း သူ့ကို ဆရာဝန်က အားပျော့နေပြီ ပိုးက အားပျော့နေပြီ ဘာညာ ပြောလိုက်တော့ နည်းနည်းလည်း စိတ်က လန်းသွားတယ် ထင်ပါတယ်။

အဲဒီက ပြန်လာကတည်းက သူလည်း မဖြစ်ဖြစ်အောင် ဝင်အောင် စားတော့တာပေါ့နော်။ ကြိုးစားပြီး စားတော့ တဖြည်းဖြည်း အဖျားကလည်း ၁၁ ရက်မြောက် လောက်ကျတော့ အဖျားလည်း မရှိတော့ဘူး။ လေ ရအောင် ရှုတယ်။ ရေနွေးငွေ့ ရှုကြပါလို့ ပြောတဲ့ အတွက် အိမ်မှာ မရှိ ရှိတဲ့ ပေါင်းအိုးကို Plug တပ်ပြီး ရေနွေးငွေ့ ထွက်အောင် လုပ်ပြီး ညီမတို့ ဆားထည့်တယ်။ ရေနွေးငွေ့ ရှုတယ်။ အာလုပ်တွေ ကျင်းကြတယ်။ အဲလိုမျိုးနဲ့ဘဲ ၁၄ ရက်မြောက်ကို ကျော်ဖြတ်ပြီးတော့ အောက်ဆီဂျင်လည်း မလိုဘူး ဘာလည်း မလိုဘဲနဲ့ တော်တော် ဖြတ်သန်းလာပြီးတော့ အားလုံး ကျန်းမာလာတယ်ပေါ့နော်အခု။ အခု ညီမတို့ သုံးပတ် ကျော်သွားပြီ။ အစားလည်း ကောင်းကောင်း ဝင်သွားပြီ။ စားလည်း စားနိုင်သွားပြီ။ အခု လောလောဆယ်လည်း ကျနော်တို့ အားဆေးတွေ ဆက်သောက်နေတယ်။ အိမ်မှာဘဲ အနားယူနေကြတယ် အမ။

မအင်ကြင်းနိုင် ။။ ညီမတို့ တမိသားစုလုံးကိုဗစ်ရောဂါကူးစက်ခံနေရချိန်မှာ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်စင်တာတွေသွားပြီး ကုသဖို့ စိတ်ကူးမရကြဘူးလား။

မမီးမီး ။။အဲလိုမျိုးက အခုက တော်တော်များများက ကိုယ်ဖြစ်တဲ့ အချိန်မှာ အဆင်မပြေဘူးလို့ ကြားနေရတယ်။ နောက်ပြီးတော့ ညီမတို့ ဘယ်ကို သွားရမှန်းလည်း မသိဘူး။ ဘယ်သူ့ကို အကြောင်းကြားရမှန်းလည်း မသိတော့ မဖြစ်ဖြစ်အောင် ကိုယ့်ဘာသာဘဲ အိမ်မှာ တိုက်မယ် ဆိုပြီး အဲဒီ စိတ်နဲ့ဘဲ ညီ်မတို့ အဲလို တိုက်တာ အမ။

မအင်ကြင်းနိုင်။။ အဲတော့ တကယ်တမ်း ရောဂါကူးစက်ခံရပြီဆိုရင် ဆေးရုံကို အလွယ်တကူသွားနိုင်ဖို့၊ ဘယ်စင်တာတွေမှာ ဘယ်လိုတွေ ကုသပေးနေသလဲ ဆိုတဲ့ အချက်အလက်တွေ မသိကြသူတွေ အရေအတွက် ဘယ်လောက်ထိများလဲ။

မမီးမီး။ ။ တော်တော်များမယ် ထင်တယ် အမ။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမတို့ ပတ်ဝန်းကျင်မှာကို အများကြီးကို ဆေးရုံ တက်လို့ မရသူ တပုံကြီးဘဲ။ တပုံကြီးဘဲ ဆိုရင် ညီမ ကိုယ်တိုင်လည်း ပထမ မေးတယ်။ ကိုယ်နဲ့ သိတဲ့ Volunteer တွေကို မေးကြည့်တာပေါ့နော်။ အဆင်မပြေဘူး ဆေးရုံတက်ဖို့။ ဒီလောက်ကတော့ ကိုယ်တွေ အိမ်မှာက ဘာမှ မဖြစ်ဘူးလို့ ပြောရမှာပေါ့နော်။ သူများထက် စာရင်။ အဲလောက် မဖြစ်တဲ့ လူနာကိုလည်း လက်မခံဘူးလို့ဘဲ ကြားတယ်။ အဲလို လိုက်လည်း စုံစမ်း မနေတော့ဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို Expire ဖြစ်သွားတဲ့ သူတွေ အများကြီးပါ။ အခု လုံး၀ ဆေးကုသခွင့် မရဘဲနဲ့ ဖြစ်သွားသူတွေ တပုံကြီးဘဲ။ ညီမ ပတ်ဝန်းကျင်မှာ အခုလက်ရှိ ဒီနေ့ထိဘဲ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ ညီမတို့ မိသားစုကျတော့ အောက်ဆီဂျင်တပ်ဖို့ မလိုလိုက်ဘူးဆိုပေမဲ့ အခြား ညီမတို့ အသိုင်းအဝိုင်းထဲက ကိုဗစ်လူနာတွေ အောက်ဆီဂျင်အလုံအလောက်မရလို့ သေဆုံးတဲ့အခြေအနေတွေ ဘယ်လောက်ထိ ဖြစ်နေလဲ။

မမီးမီး။ ။ညီမ ပတ်ဝန်းကျင်က အသက်ကြီးပိုင်း ရောဂါ အခံရှိတဲ့သူ တော်တော်များများ လက်ရှိ မနေ့က ဆို ညီမ ပတ်ဝန်းကျင်မှာ ၃ ယောက် ဆုံးသွားတယ်။ အသက်ကြီးပိုင်းဘဲ။ ရောဂါ အခံတွေ ရှိကြတယ်။ သူတို့ အဓိက ပြသနာက အောက်ဆီဂျင် မလုံလောက်တဲ့ ပြသနာ။ အိမ်မှာဘဲ ရှုနေရင်း Expire ဖြစ်သွားကြတာဘဲ။ အဲဒါ လက်ရှိ ညီမ လမ်းထဲ အခု ဖြစ်နေတာ။ ဒီနေ့လည်း တယောက် ထပ်ဆုံးတယ်။ အဓိက ကတော့ အောက်ဆီဂျင် မရတာဘဲပေါ့နော်။ အဲလိုမျိုး။

ဒီအတောအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါဝေဒနာသည်တွေအတွက် ပရဟိတလုပ်ကိုင်ပေးနေတဲ့ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကို ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီကနေ ဝင်ရောက်စီးနင်းပြီး ပရဟိတ စေတနာ့ဝန်ထမ်း ဆရာဝန် ငါးဦးဖမ်းဆီးခဲ့ကြောင်း မဇ္ဈိမ သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

မိသားစုတခုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ အတွေ့အကြုံ

......................

{{Unicode}}















